ပရော်ဖက်ရှင်နယ်ဟူသည့်စကားရပ်ကို ပရိုများဟူ၍ အတိုကောက် ခေါ်ဝေါ်သုံးစွဲကြသကဲ့သို့၊ စာနှင့်ပေနှင့်တွင် သက်မွေးဝမ်း ကျောင်းမှု ပညာရှင်ဟုလည်းသုံးကြလေ့ရှိ၏။ အတိုချုံကာ အနီးစပ်ဆုံး ဆိုရပါမူ ပညာရှင်စစ်စစ်ဟူ၍ ဖြစ်မည် ထင်ပါသည်။ ပမာအားဖြင့် ဆေးပညာရှင်ဆရာဝန်တစ်ဦး ဖြစ်သည်ဆိုလျှင် ဆေးပညာအတတ်ကို သင်ကြ ကျွမ်းကျင် တတ်မြောက်ပြီး ထိုပညာဖြင့် သက်မွေးဝမ်းကျောင်းလည်းပြုကာ၊ ထိုပညာရပ်ဆိုင်ရာ ကျင့်ဝတ်တို့ကို လိုက်နာ၍ မိမိ၏လုပ်ဆောင်မှုကြောင့် ပညာရပ် ၏ ဂုဏ်သိက္ခာနှင့် အသရေကို တိုးမြင့်စေမည့် သူမျိုးကို ဆိုလိုပါ သည်။
ပညာရပ်တစ်ခုကို ကျွမ်းကျင်တတ်မြောက်ရုံမျှဖြင့် ပညာရှင်စစ်စစ်မဖြစ်သေး။ ပညာရှင်စစ်စစ် ပရော်ဖက်ရှင်နယ် တစ်ဦးဟု ဆိုပါက ယေဘုယျအားဖြင့် ပညာရပ်ကို နားလည်ကျွမ်းကျင်သူ မိမိ နားလည်တတ်ကျွမ်းသည့်အတိုင်း ထိုပညာရပ်ကို စိုက်လိုက် မတ်တပ် လုပ်ကိုင်အသက်မွေးသူနှင့် ပညာရပ်ဆိုင်ရာ ကျင့်ဝတ်သီလ တို့ကို လေးလေး နက်နက် စောင့်ထိန်းလိုက်နာသူကို ဆိုလို၏။
ပညာရှင်စစ်စစ်တို့သည် မိမိတို့၏ ပညာရပ်ကို လေးစားတန်ဖိုးထားကြသကဲ့သို့ အခြားသော ပညာရပ်များနှင့် ပညာရှင် စစ်စစ် များကိုလည်း အလွန်လေးစားတန်ဖိုးထားကြ၏။ ထို့ပြင် မည်သည့် ပညာရပ်နယ်ပယ်က ပရော်ဖက်ရှင် နယ်များမဆို အဓိက လိုက်နာ ရသည့် အခြေခံကျင့်ဝတ်မှာ ဥပဒေကိုလေးစားလိုက်နာခြင်းဖြစ်၏။ ပရော်ဖက်ရှင်နယ်တစ်ဦးဟု ဆိုလိုက်သည်နှင့် အများ ပြည်သူ ကြားတွင်လည်း လေးစားပြီးသား ဖြစ်နေလေ့ ရှိသည်မှာ ထိုသူသည် သက်ဆိုင်ရာပညာရပ်ကို ကျွမ်းကျင်ပြီး ဥပဒေကို လေးစား လိုက်နသူ ဥပဒေဘောင် အတွင်းတွင် လိုက်နာနေထိုင်သူအဖြစ် ကြိုတင်တွက်ဆယုံကြည်ထားပြီး ဖြစ်လေ့ရှိသည်မှာလည်း တစ်ကြောင်း ဖြစ်ပါမည်။
ပညာရှင်စစ်စစ်များသည် ဥပဒေနှင့်ညီအောင် ဂရုစိုက်နေထိုင်ကြသူများဖြစ်သကဲ့သို့ အများပြည်သူကို ဂရုစိုက်ရ သူများလည်း ဖြစ်သည်။ ပညာရှင်စစ်စစ်ဟူသည့် စကားရပ်တွင် အများပြည်သူ၏ အကျိုးစီးပွားကို အလေးဂရုပြု သူဟူသည့် ဂုဏ်ပုဒ်က ယှဉ်တွဲနေ လေ့ရှိသည်။ ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူ ဘာဖြစ်ဖြစ်၊ ဘာထိခိုက် ထိခိုက် ဟုဆိုလျှင် ထိုသူတို့သည် ပညာရှင် စစ်စစ်မဟုတ်ဟု မှတ်ယူရန်သာ။
ပညာရှင်စစ်စစ် ပညာရှင်ပီသသအဖြစ် ဆောင်ရွက်သူများသည် မိမိ၏လုပ်ငန်းအပေါ်တွင် တာဝန်ရှိရှိ ဆောင်ရွက် သူများ၊ အများ ပြည်သူထိခိုက်နစ်နာမည်ကို အသက်တမျှဂရုစိုက်ကာ ကိုယ်ကျိုးစီးပွားကို နောက်တန် ညှိနိုင်ကြ သူများ၊ မိမိပညာရပ်၏ ဂုဏ်သိက္ခာ ကို အသက်တမျှ တန်ဖိုးထားစောင့်ရှောက်သူများ၊ မိမိ၏ ပညာရပ်ကို တန်ဖိုး ထားသကဲ့သို့ အခြားသော ပညာရပ်များကိုလည်း လေးစားတန်ဖိုးထားသူများသာ ဖြစ်သည်။
ထို့ပြင်တဝ၊ အဂတိကင်းသူ၊ လာဘ်လာဘရှောင်သူ၊ မိမိ၏ ပညာရပ်ဆိုင်ရာ အကြေးငွေကလွဲ၍ အနှောင်အဖွဲ့ သို့မဟုတ် လတ်သဘော ပါသော ငွေကြေးတံစိုးလက်ဆောင်ကို ခါးသီးခြင်း ၊ ဆန်သူများသာ ဖြစ်ခြိမ့်သည်။
မိမိ၏ထင်ရှားကျော်ဇောမှုအတွက် လည်းကောင်း၊ မိမိရရှိမည့် ငွေကြေးလက်ဆောင်အတွက် လည်းကောင်း၊ မိမိ၏ အာဏာ လုပ်ပိုင်ခွင့် ရာထူးဂုဏ်သိန် တိုးမြင့်ရေးအတွက်လည်းကောင်း စသည်တို့ထက် ပညာရပ်၏ဂုဏ်သိက္ခကို ပို၍ တန်ဖိုး ထားကြ သူများ ဖြစ်ပေသည်။ ထိုသို့သော ပညရပ်ဆိုင်ရာ ကျင့်ဝတ်သီလကို စောင့်ထိန်းကြရသူများ ဖြစ်သည့် အတွက် ပညာရှင်စစ်စစ်၊ ပရိုစစ်စစ် ဟုဆိုသည်နှင့် ပြည်သူများက လေးစားကြည်ညိုကြခြင်း ဖြစ်ပေ သည်။
ထို့ကြောင့်ပင် ကမ္ဘာတစ်ဝန်းက ပြည်သူတို့သည် ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားများ၊ ပရော်ဖက်ရှင်နယ် တပ်မတော် သားများ၊ ပရော်ဖရက်ရှင်နယ် ဆရာဝန်များ၊ ပရော်ဖက်ရှင်နယ် ပညာရှင်များ၊ ပရော်ဖက်ရှင်နယ် အင်ဂျင် နီယာများ၊ ပရော်ဖက်ရှင်နယ် အားကစား သမားများ စသည်ဖြင့် မျှော်လင့်လိုလားကြခြင်းဖြစ် ပေသည်။
ငြိမ်းချမ်းသာယာသော ကမ္ဘာကြီးကို ထူထောင်ကြဖို့ဆိုလျှင်၊ ပျော်ရွှင်ကျန်းမာသောလူ့လောကကို တည်ဆောက် ကြမည် ဆိုလျှင် နယ်ပယ်အသီးသီးက ပရော်ဖက်ရှင်နယ်၊ စစ်စစ်မှန်မှန်ပညာရှင်များကို မွေးမြူ ပျိုးထောင်ခြင်း ဖြင့်သာ တည်ဆောက်၍ ရနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။