Skip to main content

စီးပွားကူးသန်းမှု ပိုမိုဖွင့်ဖြိုးတိုးတက်လာစေရေး မြို့ရှောင်လမ်းဖောက်လုပ်နေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းကွင်းဆင်းကြည့်ရှု

ပဲခူး ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း ဖောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးတိုးတိုးက ပဲခူးမြို့အရှေ့ဘက်မြို့ရှောင်လမ်း ဖေါက်လုပ်ခြင်းနှင့်ပတ်သက်၍ ပြီးစီးမှု အခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က လမ်းဖေါက်လုပ်ရာတွင် ဒေသ ဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ လုပ်ဆောင်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က အဆိုပါလမ်းသည် ပဲခူးမြို့ ယာဉ်ကြောရှုပ်ထွေးမှု မရှိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ ဒေသပိုမိုဖွံ့ဖြိုးတိုးတက်လာရေးတို့အတွက် ဖောက်လုပ်ပေးခြင်းဖြစ်ကြောင်း၊ ဒေသခံများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ငန်းအမြန်ပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်နည်းပါးအောင် စနစ်တကျ သုံးစွဲကာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ မြို့ရှောင်လမ်းအစမှ အဆုံးအထိ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်းသည် ရန်ကုန်-ပဲခူး-မန္တလေးကားလမ်း မိုင်တိုင်(၅၄/၄) ကလိလမ်းဆုံမှ ရန်ကုန်-ပဲခူး-သနပ်ပင်-ခရမ်း-သံလျင်လမ်း၊ မိုင်တိုင် (၃/၄) ကမာနတ်ကျေးရွာထိပ်အထိ လမ်းအရှည် (၆)မိုင်၊ လမ်းနယ်ဧရိယာ (၁၅၀)ပေ ၊ လမ်းတာပေါင် အကျယ် (၄၀) ပေ လမ်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ်သန်း (၇၀၀)ဖြင့် မြေယာလျှော်ကြေးငွေ ပေးဆောင်ခြင်း၊ လမ်းနယ်နမိတ်သတ်မှတ်ကာ ရေမြောင်း တူးဖော်ခြင်း၊ Box-Culvert များ၊ မြေသားလမ်း အရှည်များတည်ဆောက်ခြင်း၊ တစ်ကြောင်းထိုး မြေသားလမ်း ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိရာ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆည်မြောင်းတာပေါင်အထိ အရှည် (၃၄၀၀)ပေအား မြေသားလမ်း ဆောင်ရွက်ခြင်းအပြင် ဂဝံထပ်ပိုးခင်းခြင်းပါအပြီး ဆောင်ရွက်ခြင်းဖြစ်ကာ ကျန်ရှိအပိုင်းအား ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက် ရရှိမှုအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ယူဆောင်ရွက်နေသော ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာနမှ သိရသည်။

ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်းသည် ယခုအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပဲခူးမြို့ သမိန်ဗရမ်းလမ်း-ဆံတော်တွင်းလမ်းနှင့် ကမာနတ်ကျေးရွာတို့ကို ဆက်သွယ်သွားလာနိုင်ရန် ဖောက်လုပ်နေသည့် လမ်းမကြီးနှင့် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး အဆိုပါလမ်းများ ပြီးစီးသွားပါက မည်သည့်အရပ်ဒေသဘဲသွားသွား ပဲခူးမြို့တွင်းသို့ မဝင်ဘဲ မြို့ရှောင်လမ်းများအတိုင်း အဆင်ပြေစွာ သွားလာနိုင် မည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး)