ရန်ကုန် ဒီဇင်ဘာ ၁၃
ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရေးအတွက် လေကြောင်းလိုင်းများ အနေဖြင့် ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်ထားရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရ သည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြည်တွင်းလေကြောင်းလိုင်းများနှင့် လေဆိပ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် မည့် လေကြောင်းလိုင်း ဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် ခရီးသည်များ လိုက်နာရမည့် စံသတ်မှတ်ချက်များနှင့် အညီ ဒီဇင်ဘာ ၁၆ ရက်မှစတင်၍ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် အသိပေးအကြောင်းကြားထားကြောင်း သိရသည်။
ပြည်တွင်းပုံမှန် လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်၍ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို စီမံခန့်ခွဲလျက်ရှိသည့် ရန်ကုန်အေရိုဒရုန်း ကုမ္ပဏီလီမိတက်မှ အကြီးတန်းအရာရှိ မယုနိုင်ထွေး က “လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲမယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး အသေးစိတ်ကို မနက်ဖြန် နောက်ဆုံး ထားပြီး ထုတ်ပြန်ပေးသွားမှာပါ။ လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲတော့မယ်ဆိုရင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အနေနဲ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် လာမယ့် လုပ်ထုံးလုပ်နည်း တွေကိုသာမက Airports Council International က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကိုပါ လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ပြည်တွင်းလေကြောင်းခရီးစဉ်များ ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်၍ စတင်ပျံသန်းနိုင်ရေးအတွက် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ထားပြီး ဒီဇင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် ခရီးစဉ်နှင့်ရက်များကို ကြေညာ ထားကြောင်း သိရသည်။ မန်းရတနာပုံ လေကြောင်းလိုင်းအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ပေးမည့် ညွှန်ကြားချက်များကို စောင့်ဆိုင်းနေကြောင်း သိရသည်။
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်တွင်းလေကြောင်းလိုင်းများ ဖြစ်သော မြန်မာအမျိုးသား လေကြောင်း လိုင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း၊ အဲသံလွင်လီမိတက်၊ အဲကေဘီဇက်လီမိတက်၊ ရွှေမြန်မာလေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းတို့ကို ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန် အသိပေးအကြောင်းကြားမှုများ ပြုလုပ် ထား ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - အာကာစိုး