Skip to main content

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၃

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။ 

အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ထူးချွန်ဝန်ထမ်းများ၊  ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်  ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် သတ်မှတ်ထားသည့်အရေအတွက်နှင့် အဝေးရောက်တက်ရောက်သူများသည် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့မင်္ဂလာရှိသောနေ့တွင်  ထူးချွန် ဝန်ထမ်းများ၊ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ၊ စွမ်းဆောင်ရည် ကောင်းမွန်သည့် မြို့နယ်များနှင့် ကုမ္ပဏီများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ဝန်ထမ်း သား/သမီးများအား ပညာရည် ချွန်ဆုချီးမြှင့်ခြင်း၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ တစ်နိုင်ငံလုံး ၅၀ ရာခိုင်နှုန်း အထိမ်း အမှတ် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာပြခန်း ဖွင့်လှစ်ခြင်းနှင့် ဝန်ထမ်းမိသားစုများ၏ ကလေးငယ် များအတွက် E & E Day Care Center ဖွင့်လှစ်ခြင်း အခမ်းအနားများကို ဆောင်ရွက်မည်ဖြစ် ပါကြောင်း၊ ယခု အစိုးရလက်ထက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပူးပေါင်းဖွဲ့စည်း ခဲ့ချိန်၌ နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ခဲ့ပါကြောင်း၊ ထိုအချိန်တွင် နိုင်ငံတော်အစိုးရသည် ပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံကျသောအချက်သည် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးဖြစ်သည့်အလျောက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဉီးစားပေးဆောင်ရွက်ရန် မူဝါဒချမှတ်ခဲ့ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ နှစ်စဉ်တိုးတက် သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို တိုးတက် ဖြန့်ဖြူးပေးနိုင်ရန်နှင့် တည်ငြိမ်ပြည့်ဝသည့်  လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ၊ နေရောင်ခြည် စွမ်းအင်သုံးစက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံးစက်ရုံများ၊ LNG သုံးစက်ရုံများ စသည်ဖြင့် အရင်းအမြစ်ပေါင်းစုံပါဝင်သော လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို Generation Mix ၌ ပါဝင်ထုတ်လုပ်နိုင်ရေး ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။

 ထို့ပြင် နိုင်ငံတော်ဓာတ်အားစနစ်မှ ဝေးကွာနေသော ပြည်သူများနှင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံကို သာတူညီမျှဖြစ်စေရန်ရည်ရွယ်၍ နိုင်ငံတော်ဓာတ်အားစနစ်နှင့် ဝေးကွာသောဒေသများသို့ Decentralization စနစ်ဖြင့် လည်းကောင်း၊ နေရောင်ခြည် စွမ်းအင် ဖြင့် ဓာတ်အားပေးခြင်းဖြင့်လည်းကောင်း၊ အသေးစားရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ပြီး ဓာတ်အားပေးခြင်းဖြင့်လည်းကောင်း၊ ဒီဇယ်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးခြင်းဖြင့်လည်းကောင်း စသည့်နည်းလမ်းပေါင်းစုံတို့ကို အသုံးပြု၍ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းအပြင် တစ်နိုင်ငံလုံးကို လွှမ်းခြုံ နိုင်ရန်အတွက် ဝေးလံခေါင်သီသော ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်-မောင်တောဒေသသို့လည်းကောင်း၊ ကရင်ပြည်နယ်ရှိ မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့ သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မော်လိုက်မြို့သို့လည်းကောင်း၊ ချင်းပြည်နယ်ရှိ မတူပီမြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့် မိုင်းပျဉ်းမြို့များသို့လည်း ကောင်း နိုင်ငံတော်ဓာတ်အားစနစ်ကို အသီးသီးရောက်ရှိအောင် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ ပြီးလည်းဖြစ်ပါကြောင်း။

 ဆက်လက်၍လည်း တနင်္သာရီတိုင်းဒေသကြီးရှိ ရေးနှင့် ထားဝယ်မြို့တို့သို့ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေး နိုင်ရန်အတွက် ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်း မိုင်(၁၈၀) နှင့် ဓာတ်အားခွဲရုံစီမံကိန်းများကို ဆက်လက်ပြီး အကောင်အထည်ဖော်တည် ဆောက်လျက်ရှိပါကြောင်း၊ ထားဝယ်ပြီးလျှင် မြိတ်သို့ ဆက်လက်ဓာတ်အားလိုင်း တည် ဆောက်မည်ဖြစ်ကြောင်း၊ ထို့အပြင် တိုးတက်ထုတ်လုပ်လာသော လျှပ်စစ်ဓာတ်အားများကို သယ်ပို့ပေးနိုင်ရန်အတွက်လည်း တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် ၅၀၀ ကေဗွီ ပြည်ထောင်စု မဟာဓာတ်အားလိုင်း (Union Grid) အသစ်များဖြစ်သည့်  Eastern Grid၊ Western Grid၊ Southern Grid၊ Northern Grid စသည်တို့ကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ၌ ကွပ်ကဲမှု လွယ်ကူစေရန် ဇုန်(၄)ခုကို သတ်မှတ်ပြီး စီစဉ်ဆောင်ရွက်လျက်ရှိရာ Zone(A)အဖြစ် မန္တလေး ဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း၊ Zone(B)အဖြစ် နေပြည်တော် ဓာတ်အားပေး စက်ရုံစုကိုလည်းကောင်း၊ Zone(C)အဖြစ် မကွေးဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း၊ Zone(D)အဖြစ် ရန်ကုန်ဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း အသီးသီးစီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ Generation အပိုင်းတွင်လည်း နိုင်ငံပိုင်စနစ်ဖြင့် ဆောင်ရွက်ခြင်းအပြင် ပုဂ္ဂလိက IPP စနစ်ဖြင့်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ သဘာဝဓာတ်ငွေ့ပို့ လွှတ်နိုင်ရန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအသစ်များကို သွယ်တန်းခြင်းနှင့် အစားထိုး သွယ်တန်းခြင်းများကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပိုက်လိုင်းကွန်ယက်ကို တည်ဆောက်နေပါကြောင်း၊ အရင်းအနှီး ကြီးမားသော လျှပ်စစ်အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လိုအပ်သော ရန်ပုံငွေ အတွက် အထောက်အကူပြုစေရန် ဓာတ်အားခများကိုလည်း သင့်လျော်သည့်နှုန်းထားဖြင့် အခြေခံလူတန်းစားများ မထိခိုက်စေဘဲ ဓာတ်အားခ နှုန်းထားသစ်များကို ပြင်ဆင်သတ်မှတ် ခဲ့ပါကြောင်း။

လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ရည်မှန်းချက်နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေသကဲ့သို့ စွမ်းအင်ကဏ္ဍတွင် လည်း လိုအပ်ချက်များကို ထုတ်လုပ်ဖြည့်ဆည်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၄ နှစ်တာကာလအတွင်း ရေနံနှင့်သဘာ၀ဓာတ်ငွေ့ရှာဖွေရာတွင် ကုန်းတွင်းပိုင်း ရှာဖွေတူးဖော်ခြင်းအဖြစ် အသစ်ရှာဖွေခြင်း ၁၈ တွင်း၊ ဖွံ့ဖြိုးရေးတွင်းတူးဖော်ခြင်း ၁၀၀ တွင်းကိုဆောင်ရွက်နိုင်ခဲ့ပြီး ကမ်းလွန်ရှာဖွေတူးဖော်ခြင်းအဖြစ် ရှာဖွေရေးတွင်း ၁၆ တွင်း၊ အကဲဖြတ်တွင်း ၁၀ တွင်းနှင့် ဖွံ့ဖြိုးရေးတွင်း ၈၆ တွင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် (LPG)၊ မော်တော်ယာဉ်သုံး သဘာ၀ဓာတ်ငွေ့(CNG)၊ ဓာတ်မြေသြဇာတို့ကိုလည်း အသီးသီး ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်၏ မဟာဗျူဟာအရန်ဆီကို ထိန်းညှိထားရှိသည့်အပြင် ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့်ပူးပေါင်း၍ စက်သုံးဆီစျေးနှုန်းများကိုလည်း ထိန်းညှိဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပိုက်လိုင်းများ အသစ်သွယ်တန်း နိုင်ခဲ့ပါကြောင်း၊ LPG လုပ်ငန်းလိုင်စင် ၂၇၄၁ ခု၊ စက်သုံးဆီ အရောင်းဆိုင်လိုင်စင် ၁၀၅၅ ခု၊ သိုလှောင်ကန်စခန်းလိုင်စင် ၈ ခု၊ ရေယာဉ်များ အားစက်သုံးဆီ တိုက်ရိုက် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ၁၇ ခုနှင့် လေယာဉ်ဆီဖြန့်ဖြူး ရောင်းချ ခွင့်လိုင်စင် ၁၁ ခုတို့ကိုလည်း စိစစ်ခွင့်ပြုနိုင်ခဲ့ပါကြောင်း၊ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေရေး၊ ကုန်စည်စီးဆင်းမှု ပိုမိုတိုးတက်လာစေရေးတို့အတွက် နိုင်ငံတစ်၀န်း လိုအပ်သည့် စက်သုံးဆီအရောင်းဆိုင်များကို ချမှတ်ထားသည့်မူဝါဒနှင့် စံချိန်စံညွှန်းများနှင့်အညီ တိုးချဲ့ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

သဘာ၀ဓာတ်ငွေ့ ပိုမိုထုတ်လုပ်နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်အား ဖြည့်ဆည်းပေး နိုင်ရန်အတွက် ကမ်းလွန်လုပ်ကွက် A-6 ကို တူးဖော်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်လည်းရှိပါကြောင်း၊ ရေနံဓာတ်ငွေ့ရည်(LPG) အား Cooking Gas အဖြစ် အသုံးပြုနိုင်ခြင်းဖြင့် ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား သုံးစွဲမှုလျော့ကျစေခြင်း၊ ထင်း၊ မီးသွေးအစား အသုံးပြုနိုင်သဖြင့် သစ်တောပြုန်းတီးမှု (Deforestation)ကို လျှော့ချနိုင်ခြင်း တို့ကြောင့် မြို့နေလူထုသာမက ကျေးရွာလူထုအထိပါ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးသွားနိုင်ရေး ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် အိမ်ထောင်စုပေါင်း ၆ ဒသမ ၇ သိန်းတွင် အသုံးပြုလျက်ရှိပြီး မကြာမီ အိမ်ထောင်စုပေါင်း  ၁ သန်းအထိ တိုးချဲ့ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မိမိနိုင်ငံ ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် အိမ်နီးချင်းနိုင်ငံများသို့ သဘာ၀ ဓာတ်ငွေ့ရောင်းချရာမှ နိုင်ငံတော်၀င်ငွေ တိုးတက်ရရှိစေနိုင်သည့်အတွက် နိုင်ငံတော်၏ သယံဇာတများကို ကြိုးပမ်းရှာဖွေဖော်ထုတ်လျက်ရှိပြီး လက်ရှိရှာဖွေတွေ့ရှိပြီးသော သဘာ၀ ဓာတ်ငွေ့ သိုက်များအပြင် နောက်ထပ်အလားအလာကောင်းသော ဘူမိအနေအထားများကို ဆက်လက်စမ်းသပ် ရှာဖွေသွားမည်လည်းဖြစ်ပါကြောင်း။

 မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် အခြေခံအကျဆုံးသည် လျှပ်စစ်မီးဖြစ်သောကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးကို ဉီးစားပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများသို့ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေးကို လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့ဝန်ထမ်းများကလည်း လိုအပ်ပါက (၂၄)နာရီလုံး ကြိုးစားပမ်းစား ဆောင်ရွက်ပေးခဲ့ကြသဖြင့် ဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ မြို့နယ်အလိုက် ဝန်ဆောင်မှုနှင့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချရန် စွမ်းဆောင်ရည်ဂုဏ်ပြု ဆုများလည်း ပါဝင်သည့်အပြင် လုံခြုံရေးကိစ္စများကို ဆောင်ရွက်ပေးခဲ့သော ရေနံမြေ ရဲတပ်ဖွဲ့ ကိုလည်း အသိအမှတ်ပြုချီးမြှင့်ခဲ့ပါကြောင်း၊ တီထွင်ဆန်းသစ်မှုကို ချီးမြှင့်အားပေးခြင်းအနေဖြင့် အသေးစား ရေနံချက်လုပ်ခြင်း(Mini Refinery)လုပ်ငန်းကို လည်းကောင်း၊ Electrification  Ratio အများဆုံးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သော ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့မှ ဝန်ထမ်းများကိုလည်းကောင်း၊ သတ်မှတ်စီမံကိန်းအတိုင်း ကျေးရွာများ လျှပ်စစ်ရရှိရေးအတွက် ပြီးစီးအောင် ဆောင်ရွက်ခဲ့သော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP)မှ ဝန်ထမ်းများကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခြင်းလည်း ပါဝင်ပါကြောင်း။

 တစ်ဖက်တွင်လည်း မိမိတို့ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများသည်လည်း လုပ်ငန်းများကို သတ်မှတ်ထားသည့်အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြသည့် အပြင် မိမိတို့ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် အရည်အသွေး များအတိုင်း ပြည့်မီစွာသတ်မှတ်ချိန်အရောက် ဟန်ချက်ညီညီ ဆောင်ရွက်ပေးနိုင်ခဲ့ကြသည့် အတွက် အောင်မြင်မှုများရရှိခဲ့ကြခြင်းဖြစ်ပါကြောင်း၊ သို့အတွက် ကုမ္ပဏီအကြီးအကဲများကို ဂုဏ်ပြုပါ ကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်နေသော စီမံကိန်းများအပေါ် မိမိတို့ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများမှ ဟန်ချက် ညီညီ ကျရာကဏ္ဍမှနေ၍ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုအပ်သလို ပြည်သူများကလည်း နားလည်သိရှိပြီး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန် ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်ဝန်ထမ်းများ၊ စွမ်းစွမ်း တမံဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများ၊ စွမ်းဆောင်ရည်ကောင်းမွန်သည့် မြို့နယ်များနှင့် ကုမ္ပဏီ များအား ဂုဏ်ပြုဆုတံဆိပ်များကို သတ်မှတ်ထားသည့် အရေအတွက်အား လက်ရောက်ပေး အပ်ချီးမြှင့်ခဲ့ပြီး အဝေးရောက်တက်ရောက် သူများအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပရာ (၆)ဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင်(၂၁)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင်(၂၇)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၃၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၂၁)ဦး၊ ရိုးရိုးအောင်မြင်သူ (၆၀၄) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၈၇၅) ဦးအတွက် (၁၅၀ ဒသမ ၁၈) သန်းနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် တက်ရောက် သင်ကြားမည့် မူကြိုကျောင်းသား/ ကျောင်းသူ(၁၅၇၁)ဦး၊ မူလတန်းကျောင်းသား/ကျောင်းသူ (၈၁၂၈)ဦး၊ အလယ်တန်း ကျောင်းသား/ကျောင်းသူ (၆၀၁၁)ဦး၊ အထက်တန်း ကျောင်းသား/ ကျောင်းသူ(၃၄၆၄)ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၁၉၁၇၄)ဦးအတွက် ပညာသင်ယူရန် ကျောင်းသုံး ပစ္စည်းများထောက်ပံ့ခြင်း အတွက် (၁၄၃ ဒသမ ၄၆)သန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများကိုယ်စား (၆)ဘာသာဂုဏ်ထူးရကျောင်းသား မောင်ဘုန်းမြတ်မောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာပြခန်းဖွင့်ပွဲ အခမ်းအနားနှင့် ဝန်ထမ်းမိသားစုများ၏ ကလေးငယ်များအတွက် E & E Day Care Center ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)