နေပြည်တော် ဒီဇင်ဘာ ၁၂
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဖောင်တော်ဦးဆရာတော် နှင့် IBEC ဆရာတော် အမှူးပြုသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာတော်သံဃာတော်များ၊ ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲ တမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရွှေမင်းသားဖောင် ဒေးရှင်းမြန်မာ၊ မြန်မာနိုင်ငံအထူးပညာရေးအသင်း၊ မသန်စွမ်းပညာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတွင် ယဉ်ကျေးမှုများသည် ခေတ်စနစ်အခြေအနေများနှင့်အညီ လိုက်လျောညီထွေစွာ ပြောင်းလဲနေ ပါကြောင်း၊ လူသားကောင်းယဉ်ကျေးမှု (Global citizen culture) သည် အရေးကြီးသကဲ့သို့ သင်ယူခြင်း၊ သင်ယူသည့် ယဉ်ကျေးမှု(Learning culture) သည်လည်း အလွန်အရေးကြီးပါ ကြောင်း၊ လူတိုင်း အခြေခံစာ ဖတ်တတ်၊ ရေးတတ်၊ တွက်တတ်မည်ဆိုပါက တစ်သက်တာ လုံး သင်ယူနိုင်မည် ဖြစ်ပါကြောင်း။
ဆရာတော်သံဃာတော် အရှင်သူမြတ်များအနေဖြင့် ကျောင်းနေအရွယ် ကလေးများ၊ လူပုဂ္ဂိုလ်များ၊ သာမဏေ၊သီလရှင်၊ သံဃာတော်များအား တစ်သက်တာသင်ယူနိုင်ရေး အတွက် ဘုန်းတော်ကြီးသင်ပညာရေးဖြင့် ဆောင်ရွက်ပေးနေ သည်များကို ပညာရေးဝန်ကြီး ဌာနအနေဖြင့် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် လူပုဂ္ဂိုလ်များအပြင် သန်စွမ်းသူ၊ မသန်စွမ်းသူ၊ မြို့ပြ ကျေးလက်၊ ချမ်းသာဆင်းရဲ စသည်ဖြင့် မည်သည့်အကြောင်းကြောင့်မှ မခွဲခြားဘဲ သင်ယူမှု အခွင့်အလမ်းရရှိအောင် အားပေးမြှင့်တင် ဆောင်ရွက်ပေးနေပါကြောင်း၊ ကလေးငယ်များ၏ သင်ယူတတ်မြောက်မှု အရည်အသွေးပိုမိုကောင်းမွန်ရေးအတွက် မိဘများ၊ မိဘဆရာအသင်း များစသည်ဖြင့် ပူးပေါင်းဆောင်ရွက်သည့် ယဉ်ကျေးမှုများ (Cooperation and collaboration culture) ပိုမိုမြှင့်တင်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊၊
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာဝပြောရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးစသည်ဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ် များကို တစ်ဦးနှင့်တစ်ဦး မေတ္တာ၊ ကရုဏာထားပြီး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နှင့် ဆွေးနွေး သည့်ယဉ်ကျေးမှု (Discussion culture) သည် မွန်မြတ်ပါကြောင်း၊ သုတေသနယဉ်ကျေးမှု (Research culture)၊ သုတေသနအချက်အလက်၊ အထောက်အထားများကို အခြေခံ၍ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
ခေတ်နှင့်လိုက်လျောညီထွေသော ပညာရေးစနစ်များသည် Industry 1.0 နှင့် Education 1.0 မှ Industry 4.0 နှင့် Education 4.0 ဟူ၍ အဆင့်ဆင့် တိုးတက်ပြောင်း လဲလာနေပါကြောင်း။
ပညာရေးဖွံ့ဖြိုးမှုသည် စက်မှုဖွံ့ဖြိုးမှုထက် သာလွန်ပါက ပြည်သူများ သာယာပြည့်ဝ သည့် ဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား ပညာရေးမဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ အရ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် ပညာရေးတွင် ရင်းနှီးမြုပ်နှံခြင်း၊ သူငယ်တန်း+၁၂ တန်း အခြေခံပညာရေး သင်ရိုးသစ် ကျောင်းသုံး ဖတ်စာအုပ်များ အခမဲ့ဖြန့်ဝေခြင်း၊ သင်ကြားသင်ယူမှု နည်းလမ်း များဖြင့် ဆရာဆရာမများကို သင်တန်းပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှု ပြောင်းလဲခြင်း၊ တိုင်းရင်းသား ဒေသများတွင် ဦးစားပေး၍ လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပညာသင်ယူပြီးမြောက်သူ ဦးရေ တိုးတက်လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမဆုံးအကြိမ် အထက်တန်းကျောင်းသားဦးရေ စုစုပေါင်း တစ်သန်း ကျော်ရှိလာပါကြောင်း။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် (မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ၉,၇၁၆,၃၇၃ ဦး၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား -၃၁၅,၉၄၄ ဦး၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ကျောင်းသား ၂၆၁,၉၂၂ ဦး ရှိလာပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ ကျပ်(၇၉၄.၄ ) သန်း၊ အမြင်အာရုံမသန်စွမ်း၊ အကြား အာရုံမသန်စွမ်း၊ ကျောင်းသား(၁၄၃၁)ဦးတို့အား ကျပ်(၉၁ ဒသမ ၂၇)သန်း ထောက်ပံ့ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်ချက် ၇ ချက် နှင့် ပြည့်မီသည့် အထက်တန်းသင်ယူပြီးမြောက်သည့် လက်မှတ်ရရှိသူ ဦးရေ (၅၆၆၂၇၄) ဦး ရှိပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးစနစ်ကို ဦးတည်ဆောင်ရွက်ကြရာတွင် စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုး သား ပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းများကို လည်း ကောင်း၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း(၅)မှ အခြေခံပညာ ကဏ္ဍကို လည်းကောင်း မိတ်ဆက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ချိတ်ဆက်၍ အခြေခံပညာကဏ္ဍ ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းစဉ်များ၊ သိရှိလိုသည်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြသည်။
ဆက်လက်၍ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) အခန်း (၆) နည်းပညာနှင့်သက်မွေးပညာကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ အဆင့်မြင့် ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)၊ အခန်း(၇) အဆင့်မြင့်ပညာ၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
(သတင်းစဉ်)