နေပြည်တော် ဒီဇင်ဘာ ၁၁
ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်၍ တိုင်ကြားစာများအပေါ် စိစစ်ဆောင်ရွက်မှု အခြေအနေများနှင့် အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကြေး ထောက်ပံ့မှုနှင့် ပတ်သက်၍ တိုင်ကြားစာများအပေါ် စိစစ်ဆောင်ရွက်မှုများကို စနစ်တကျဆောင်ရွက်ရန် ကိစ္စရပ်များ၊ ပြည်သူများထံ စနစ်တကျ အသိပေးတင်ပြရန် ကိစ္စရပ်များ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စနစ်တကျ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန်နှင့် မိမိတို့အနေဖြင့် အထွေထွေအုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုလည်း ပြန်လည်လေ့လာဆန်းစစ်သုံးသပ်ကာ COVID-19 စည်းကမ်း ချက်များနှင့်အညီ ဦးစားပေးလုပ်ငန်းစဉ်များ ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကြသည်။
အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
သတင်းစဉ်