ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား နိုင်ငံတကာပွင့်လင်းမြင်သာမှု အဖွဲ့က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်သော တစ်ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု ဘာရိုမီတာ၌ အာရှဒေသ (၁၇) နိုင်ငံအတွင်း ဆောင်ရွက်ခဲ့သော စစ်တမ်းအရ အများပြည်သူများ လက်ခံသော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းအဖြစ် အမြင့်ဆုံးအဆင့်ရရှိခဲ့ပြီး အဂတိလိုက်စားမှုအား လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်မှုတွင်လည်း အမြင့်ဆုံးအဆင့် ပေးအပ်ခဲ့ ပေသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သောကြောင့် အာရှနိုင်ငံအတွင်း အဆင့် (၁) နေရာအဖြစ် အမြင့်ဆုံး အသိအမှတ်ပြုခံရခြင်းသည် နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံသည် ဂုဏ်ယူဖွယ်ရာ နိုင်ငံ့အင်္ဂါရပ်တစ်ခုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အုပ်ချုပ်သူအစိုးရများအဖို့ ထိထိရောက်ရောက် ဆောင်ရွက်ရန် အထူးတလည် လိုအပ်နေသည့် အလွန်ကြီးမားသော စိန်ခေါ်မှုဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဆောင်ရွက်နေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်မှာ ထင်ရှားပါသည်။
အဂတိလိုက်စားမှုသည် နှစ်ကာလရှည်ကြာစွာ အမြစ်တွယ်ရှင်သန်နေသော လုံးဝအလျှင်း ပျောက်ကင်းရန်၊ ကုစားရန်ခက်ခဲသည့် ကင်ဆာရောဂါကဲ့သို့ ဆိုးရွားသောရောဂါမျိုးလို ဖြစ်သည်။ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးကို ပြည်သူလူထုအခြေပြု နည်းလမ်းများဖြင့် လျှောက်လှမ်းလျက်ရှိသည့် မျက်မှောက်ကာလတွင် အဂတိလိုက်စားမှု ပြဿနာကို ထိထိ ရောက်ရောက် တိုက်ဖျက်နိုင်ရေးအတွက် အားလုံးပါဝင် ဆောင်ရွက်ကြ ရမည်ဖြစ်သည်။
အဂတိလိုက်စားမှုသည် လူတို့၏အဇ္ဈတ္တတွင် အမြစ်တွယ်နေသည့် လောဘ၊ မောဟကို အခြေခံသဖြင့် အမြစ်ပြတ်ဖြေရှင်းရန် မလွယ်ကူသော စိန်ခေါ်မှုကြီးဖြစ်သည်။ ထို့ကြောင့် “အဂတိလိုက်စားမှုတွေဟာ ဘယ်လို အကြောင်းအချက်တွေကြောင့် ဖြစ်ပေါ်လာရတာလဲဆိုတဲ့ အဂတိကိုလက်ယပ် ခေါ်နေတဲ့ ရေခံမြေခံတွေမှန်သမျှ ဖယ်ထုတ်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့သည်။ အဂတိလိုက်စားမှုသည် အလွန်နက်နဲ ရှုပ်ထွေးသည့် ပြဿနာဖြစ်ပြီး ပေးသူနှင့်ယူသူကြားတွင် လျှို့ဝှက်မှုများရှိနေသည့် ပြဿနာ ဖြစ်သည်။
အဂတိလိုက်စားမှုကို သာမန်အားဖြင့်ကြည့်လျှင် လာဘ်ပေးလာဘ်ယူမှု အဖြစ်သာ မြင်တွေ့ နိုင်သော်လည်း လက်တွေ့တွင် ထို့ထက်မကများစွာ နက်နဲပေသည်။ ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှုကို ဖြစ်ပေါ်စေခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်း စွမ်းဆောင်ရည်များ ကျဆင်းလာစေ နိုင်ခြင်း၊ အခြေခံအဆောက်အအုံများ ဆုံးရှုံးခြင်း၊ မှန်ကန်မှုမရှိသော စီးပွားရေးစနစ်များ၊ ရာသီဥတု ပြောင်းလဲမှုနှင့် ဇီဝမျိုးကွဲများ ပျက်စီးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်စေမှု စသည့်ဆိုးကျိုးများစွာ ရှိပါသည်။
ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကာလတွင် အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံတည်း ဖြစ်ပေါ်နေခြင်း မဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းများနှင့် စီးပွားရေး စနစ်တစ်ခုလုံးကို ထိခိုက် စေနိုင်သည့် ပြဿနာဖြစ်သည်။ အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ရေးအတွက် ထိရောက်သော ဥပဒေများဖြင့် ဆောင်ရွက်နိုင်ရန် လိုအပ်ရာဖြစ်ပေါ်လာသော ပြဿနာ အခြေအနေများအပေါ် မူတည်၍ ဥပဒေများကို ပြောင်းလဲပြင်ဆင်ကာ ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်သလို လက်တွေ့တွင်လည်း ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရပါသည်။
အဂတိလိုက်စားမှုများကို ကိုင်တွယ်ဆောင်ရွက်ရာ၌ အသုံးပြုသူများကသာ လိုအပ်သလို ဆွဲယူအသုံးချနိုင်သည့်၊ အလွန်ရှုပ်ထွေးပြီး လူအများ နားလည်ရခက်ခဲသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများအား အများပြည်သူ လွယ်ကူရှင်းလင်းစွာ သိနားလည်နိုင်သည့် ဖော်ပြချက်များနှင့် ပြုပြင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်ထားသည်။ ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် တံစိုး လက်ဆောင်ယူ သူရော၊ ပေးသူပါ မည်သူ့ကိုမဆို အရေးယူနိုင်ခြင်း၊ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေဆုံးရှုံးမှုအချို့ကို အကာအကွယ်ပေးနိုင်ခြင်း၊ အများပိုင်နှင့် ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းများတွင် လုပ်ငန်း ဆိုင်ရာ ကျင့်ဝတ်များ ချမှတ်ကျင့်သုံးရေး စတင်ဆောင်ရွက်နိုင်ခြင်း၊ အသိပညာပေးခြင်း၊ ကျောင်းသင်ခန်းစာအဖြစ် ဆောင်ရွက်နိုင်ခြင်းစသည်ဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံ ဆောင်ရွက် နိုင်ခဲ့သဖြင့် အတိုင်းအတာ တစ်ခုအထိ အောင်မြင်ပြီး နိုင်ငံအတွက် ဂုဏ်ယူနိုင်ခဲ့သည်။
သို့ဖြစ်ရာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မဏ္ဍိုင်ကြီး သုံးရပ် ဖြောင့်မတ် တည်ကြည်မျှတ မြင့်မားတိုးတက်လာရေးကို အလေးထားမျှော်မှန်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို နိုင်ငံရေး စိတ်ဆန္ဒပြင်းပြစွာဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်လျက် ရှိပါကြောင်း။ ။