ရန်ကုန် ဒီဇင်ဘာ ၁၀
နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ဦးအရိယဝံသကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အမျိုးသားအောင်ပွဲနေ့ သမိုင်း ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းချုပ်ကိုလည်းကောင်း၊ မြို့မကျောင်းသား၊ ကျောင်းသူဟောင်းများ ကိုယ်စား အသင်းဥက္ကဋ္ဌ ဒေါက်တာမြင့်တိုးက အမျိုးသားအောင်ပွဲနေ့ ကျင်းပရခြင်းနှင့် အမျိုးသားရေး ကျောက်တိုင် မွမ်းမံ ပြင်ဆင်ဖွင့်လှစ်ရခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း အမှာစကားများ အသီးသီးပြောကြားသည်။
ဆက်လက်၍ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စည်တော်ကြီးအား ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တီး၍လည်းကောင်း၊ အထိမ်းအမှတ် ရွှေမောင်းကြီးအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းကတီး၍လည်ကောင်း ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် အခမ်းအနား တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများက ယူနီဗာစီတီ သပိတ်မှောက်ကျောင်းသားများ ကောင်စီဝင် ကျောင်းသားကြီး ၂၆ ဦး၏ သပိတ်ကျောက်စာတိုင်ရှေ့တွင် မေတ္တာပို့အမျှဝေ ဂါရဝပြုကြသည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများသည် ကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာအား သင်္ကန်း၊ လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။ အဆိုပါမေတ္တာပို့ အမျှဝေဂါရဝပြုကျောက်စာတိုင်သည်၊ ရန်ကုန်ကော်လိပ်နှင့် ယုဒသန်ကောလိပ် ကျောင်းသားများက ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်တိုက်ပွဲဝင် စုဝေးရာ ဗဟန်းအောင်မြေအနေဖြင့် လည်းကောင်း၊ ကောလိပ်ကျောင်းသာကြီး မူလ ၁၁ ဦးနှင့် နောက်တိုး ၁၅ ဦး၊ ပေါင်း ၂၆ ဦး၏ အမည် စာရင်းများကိုလည်း ရေးသားဖော်ပြထားသည်။
ရန်ကုန်ကော်လိပ်နှင့် ယုဒသန်ကျောင်းသားကြီးများ ဦးဆောင်၍ ဗြိတိသျှကိုလိုနီလက်ထက် ကျွန်းပညာ ရေး အဓွန့်ရှည်စေသောရန် ကုန်တက္ကသိုလ်အက်ဥပဒေကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ရာ ယခုနှစ် တန်ဆောင်းမုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် နှစ်ပေါင်း(၁၀၀)ပြည့် မြောက်သည့် အမျိုးသားအောင်ပွဲနေ့ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)