ရန်ကုန် ဒီဇင်ဘာ ၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ဝိုင်းဝန်းကူညီ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကာ ရန်ကုန်ဘူတာကြီးတွင် မီးရထားစီးခရီးသည်များအားလုံး ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင် အသုံးပြုရေး လူထုလှုပ်ရှားမှုကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်၊ YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်နှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မီးရထားဖြင့် စီးနင်းလိုက်ပါလာသော ခရီးသည်များအား နှာခေါင်းစည်းများ ဝေငှခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် မီးရထားများပေါ်တွင် Mask
စနစ်တကျတပ်ဆင်ရေး၊ Mask မတပ်လျှင် ရထားစီးနင်းခွင့်မပြုပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ၊ တစ်ရှူးများကို အဖုံးပါသော အမှိုက်ပုံးတွင် စနစ်တကျစွန့်ပစ်ပါ၊ ရထားပေါ်တွင် စွန့်ပစ်ခြင်း၊ ချန်ထားခြင်းမလုပ်ရ၊ ရထားပေါ်တွင် ရေသောက်ခြင်း၊ အစားအသောက်စားခြင်း ရှောင်ကြဉ်ပါ၊ Mask စနစ်တကျ တပ်ဆင်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် စတေကာများကို ရထားစီးခရီးသည် များ မြင်တွေ့နိုင်သည့် ရထားတွဲများ၏ ထိုင်ခုံအနီးအနားများ အပေါ်တွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက လိုက်လံတပ်ဆင်ပေးကြသည်။
ရန်ကုန်မြို့တွင် လူနေထူထပ်မှု တစ်စတစ်စ များပြားလာသဖြင့် မီးရထားလမ်းများ အသုံးပြုမှုများ ပြားလာသဖြင့် မီးရထားလမ်းများနှင့် ရန်ကုန်ဘူတာကြီးကို အဆင့်မြှင့်တင်ရန် ရန်ကုန်ဘူတာကြီး ဖွံ့ဖြိုးရေးစီမံကိန်းကို (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်တွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)