Skip to main content

ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆၇/၂၀၂၀) ကျင်းပပြုလုပ်

ပုသိမ် ဒီဇင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိရာယမန်နေ့ နံနက် ၁၀ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆၇/၂၀၂၀)ကိုကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ကော်မတီဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းအောင်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးနေဝင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့အစည်းအဝေး မှတ်တမ်းအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကော်မတီ၏လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းအောင်က တိုင်းဒေသကြီးအတွင်း(COVID-19)ရောဂါ ဖြစ်ပွား/ ပျောက်ကင်းမှု အခြေအနေများအား Power  Point ဖြင့်ရှင်းလင်းတင်ပြပြီး ယာယီဆေးရုံ ဖွင့်လှစ်ထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့သည်။

ထို့နောက် ကော်မတီဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ များက (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်၊ မြို့နှင့် ရပ်/ကျေးအဆင့်အထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှုအခြေအနေများနှင့်  ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း (၇-၁၂-၂၀၂၀)ရက်နေ့ နံနက် ၈ အချိန်ထိ (COVID-19)ရောဂါ ကူးစက်ခံရသူ လူနာစုစုပေါင်း (၃၂၅၉)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၂၄၅၅)ဦး၊ ကုသဆဲ(၇၈၃)ဦးနှင့် သေဆုံးသူ(၂၁)ဦးတို့ဖြစ်ပြီး သေဆုံးသူများသည် သွေးတိုးရောဂါနှင့်နှလုံးသွေးကြော ကျဉ်းရောဂါအခံရှိသူများဖြစ်ကြသည်။

မောင်မောင်မြင့်(ပြန်/ဆက်)