ပွင့်ဖြူ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းတည့် ၁၂ နာရီက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်နေမှုနှင့် ဒေသခံကျေးလက်နေ ပြည်သူများ မြို့ပြနှင့် ကျေးလက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့-မုန်းဇလဲကျေးရွာ ရေကျော်ချောင်းကူးတံတား တည်ဆောက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက ဒေသခံကျေးလက်နေ ပြည်သူများ မြို့ပြနှင့်ကျေးလက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် သန်း (၂၅၀) ဖြင့် ပွင့်ဖြူမြို့-မုန်းဇလဲကျေးရွာ ရေကျော်ချောင်း အရှည်ပေ ၈၀ အား သံကူကွန်ကရစ် ဘေလီတံတား တာဝန်ယူ တည်ဆောက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ တံတား တည်ဆောက်ရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးလွင်အေး က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ကျေးလက်နေပြည်သူများ အဆင်ပြေစွာ ဖြတ်သန်း သွားလာနိုင်ရေးအတွက် လုပ်ငန်းအရည်အသွေး ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေး မှာကြားသည်။
အဆိုပါ ပွင့်ဖြူမြို့-မုန်းဇလဲကျေးရွာ ရေကျော်ချောင်းကူး သံကူကွန်ကရစ်ဘေလီတံတား တည်ဆောက်နေမှု လုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့မှ တာဝန်ယူ၍ ၂၀၂၀ ပြည့်နှစ် မတ်လဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ လုပ်ငန်းပြီးစီးမှု ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း၊ အဆိုပါ တံတား တည်ဆောက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ မြို့ပြနှင့်ကျေးလက် ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်း သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် နိုင်ငံတော်အစိုးရမှ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် အလျား ၂၇ ပေ၊ အနံ ၁၈ ပေရှိ Steel Structure အမျိုးအစား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသစ် ဆောက်လုပ်နေမှုနှင့် ပတ်သက်ပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)