ရောဂါကာကွယ်ဆေးသည် ရောဂါမဖြစ်မီ ကြိုတင်ကာကွယ် တားဆီးပေးခြင်းဖြစ်ပြီး ကုသဆေးသည် ရောဂါဖြစ်သည့်အခါ သက်သာပျောက်ကင်းအောင် စွမ်းဆောင်ပေးခြင်း ဖြစ်သည်။ လက်ရှိကာလ တစ်ကမ္ဘာလုံးဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ ကာကွယ်ဆေး၊ ကုသဆေးများကို ရှာဖွေဖော်ထုတ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်း အားထုတ်နေကြပြီး လတ်တလောတွင် အစွမ်းထက်ဆေးများကို တရားဝင် စတင်အသုံးပြုခြင်း မရှိသေးပေ။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ဟန့်တားထိန်းချုပ် ကာကွယ် ကုသနိုင်ခြင်း မရှိသေးဘဲ ဆက်လက်ရင်ဆိုင်နေဆဲ ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအချို့သည် အစွမ်းထက်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအလိုက် ထုတ်လုပ်ဖြန့်ချိနိုင်တော့မည်ဟု အသိပေးနေကြသည်။ စွမ်းရည်အာနိသင် ထက်မြက်သည့် ကာကွယ်ဆေး ပေါ်ပေါက်လာသည့်တိုင် လိုအပ်မှုပမာဏမှာ တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြစ်သောကြောင့် ထုတ်လုပ်နိုင်မှု ပမာဏနှင့် အသုံးပြုလိုမှုပမာဏ ကွာဟချက်ကြီးမား နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် လူသားအားလုံးကို တစ်ပြိုင်တည်း ကာကွယ်ဆေး ထိုးနှံပေးရေးမှာ မဖြစ်နိုင်ချေ။ ကာကွယ်ဆေး စတင်ဖြန့်ချိသည်နှင့် အလုအယက် ဝယ်ယူကြမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ချေးငွေများ၊ အကူအညီများဖြင့် ကာကွယ်ဆေး ထွက်ရှိသည်နှင့် အချိန်မီရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီး ကာကွယ် ဆေးများ သိုလှောင်ရန်၊ ဖြန့်ဖြူးရန်၊ ဦးစားပေးအလိုက် ထိုးနှံပေးရန်အစီအစဉ်များကို စတင်ပြုလုပ် နေသည်။ ထိုအချိန်ကာလတွင် ပြည်သူများအနေဖြင့် ရောဂါမရအောင်နေရန်၊ ကာကွယ်ဆေး ပေါ်ခါနီးမှ ရောဂါရလျှင် မကောင်းသဖြင့် အားတင်းထားရန်၊ ဂရုစိုက်ရန်၊ ခရစ္စမတ်အချိန်၊ နှစ်သစ်ကူး အချိန်တွင် တတ်နိုင်သမျှ အပြင်မထွက်ရန်၊ လူစုလူဝေးဖြစ်အောင် မနေကြရန်၊ မလွှဲမရှောင်သာ၍ အပြင်ထွက်လျှင် Mask တပ်ရန်၊ ဖြစ်နိုင်လျှင် Mask အပေါ်မှ ပလတ်စတစ် အကာ (FaceShield) တပ်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုဝင်ဘာလ ၂၀ ရက်နေ့က ပြည်သူများသို့ အစီရင်ခံတင်ပြရာတွင် မှာကြားထားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိ ထိုးနှံရေးကို ဆောင်ရွက်ချိန်တွင် နိုင်ငံတစ်ဝန်းလုံးအား တစ်ချိန်တည်း တစ်ပြိုင်တည်း ထိုးနှံပေးရေးမှာ မဖြစ်နိုင်သဖြင့် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးကို အပြိုင်အဆိုင် အလျင်အမြန် ဆောင်ရွက်နိုင်အောင် ကြိုးပမ်းအားထုတ် လာကြမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်သော်လည်း ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးဗီဇ ပြောင်းလဲလာမှုကြောင့် ကမ္ဘာပေါ် တွင် ရောဂါပိုးကြာရှည်စွာ ဆက်လက်ရှိနေဦးမည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရေး အစီအစဉ်များကို အဆင့်ဆင့် ဆောင်ရွက်နေ ချိန်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေး စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို အတိအကျ ဆက်လက်လိုက်နာကြရမည် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်နိုင်ရေးကိစ္စ အမျိုးမျိုးနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်း၊ အချိန်နှင့်တစ်ပြေးညီ၊ ကာလ ရှည်ကြာဆောင်ရွက်ရမည့်အရေးဖြစ်သဖြင့် ပြည်သူများ အစဉ်သဖြင့် သိရှိလိုက်နာ ပါဝင်ဆောင်ရွက်လာနိုင်ရေးကို ကိုဗစ်-၁၉ ကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်မှာ တရားဝင်ထုတ်ပြန်ပေးနေသော ဒစ်ဂျစ်တယ် ပလက်ဖောင်းစနစ်သည် အကောင်းဆုံး၊ အမှန်ကန်ဆုံး၊ အထိရောက်ဆုံး ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် နိစ္စဓူဝကိစ္စအဝဝ တို့ကို အချိန်နှင့်အမျှဆောင်ရွက်နေရသဖြင့် ကိုယ်နှင့်အတူ အစဉ်အမြဲတွဲပါ သိရှိလိုက်နာ ဆောင်ရွက် နိုင်သည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်များကို လူအများနေ့စဉ် အသုံးပြုနေသော ဖေ့စ်ဘွတ်၊ တွစ်တာ၊ ယူကျူး၊ ဗိုင်ဗာ စသည့် ဒစ်ဂျစ်တယ်ပလက်ဖောင်း များမှတစ်ဆင့် အလွယ်တကူ အသုံးပြုနိုင်ပေသည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါသည် ရေရှည် ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးရမည့် ရောဂါဖြစ်၍ လွယ်ကူမြန်ဆန်ထိရောက်သော သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တရားဝင် အဖွဲ့အစည်းများ၏ ဒစ်ဂျစ်တယ် ပလက်ဖောင်းများမှ အချိန်နှင့်တစ်ပြေးညီ အသိပေး လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ မှန်ကန်တိကျသော သတင်းအချက်အလက်များ၊ တာဝန်ယူမှု တာဝန်ခံမှုရှိသည့် သတင်းအရင်းအမြစ်များအား ပြည်သူများ လေ့လာ မှတ်သားရယူ ဆောင်ရွက်နိုင်ကြပြီ ဖြစ်ပါကြောင်း။ ။