နေပြည်တော် ဒီဇင်ဘာ ၄
မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့် (၅) နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲတွင် အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးမှ တာဝန်ရှိသူများ၊ SOMS Unit အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် မိမိဦးစီးဌာနရှိ ဌာနခွဲများ၏ တာဝန်ဝတ္တရာများ၊ လုပ်ဆောင်မှု များကို သိရှိထားရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ ဌာနကူးပြောင်း တာဝန်ထမ်းဆောင်ရပါက လက်ဆင့်ကမ်းတာဝန်များကို ဆက်လက်အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်လုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် သိပ္ပံကျောင်းများမှ ဝန်ထမ်းများ ပါဝင်ကူညီ၍ Quarantine ထားရှိ၍ ဆောင်ရွက်မှုများ၊ ဒေသအာဏာပိုင် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ Mask Campaign များ ပြုလုပ်နေသည်ကို တွေ့ရှိရ၍ အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး မကြာမီ ရရှိတော့မည်ဖြစ်၍ ကိုဗစ်ကာလ ပြီးမြောက်ပြီးနောက် အားကစားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ထားရှိရန် လိုအပ်ကြောင်း၊ ကိုဗစ်ကာလအတွင်း ပြည်သူများ အဖက်ဖက်က စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအရ အဖက်ဖက်က ထိခိုက်မှုရှိချိန်တွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနအနေနှင့် လှုပ်လှုပ်ရှားရှားလူထု အားကစားအနေဖြင့် ပြည်သူများ ကိုယ်လက်လှုပ်ရှား ပြိုင်ပွဲကို ကျင်းပပေးရာ ပြည်သူများ ပါဝင်ယှဉ်ပြိုင်သည်ကိုတွေ့ရ၍ ပါဝင်နိုင်အောင် စည်းရုံးဆောင်ရွက်နိုင် ခဲ့သောဝန်ထမ်းများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ၂၀၂၁ မှ ၂၀၂၆ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်း အားကစားဖွံ့ဖြိုးတိုးတက်ရေး နှစ်အပိုင်း အခြား အလိုက် စီမံဆောင်ရွက်မှုများနှင့် ဦးစီးအရာရှိ ဒေါ်အိသန္တာကျော်က ASEAN SOMS University ၏ရည်ရွယ်ချက်များ၊ အိမ်ရှင်နိုင်ငံများ လက်ခံကျင်းပမှု၊ ၂၀၁၅-၂၀၂၀ ခုနှစ်တွင် ASEAN Work Plan Sports လုပ်ငန်းများ ဆောင်ရွက်ထားမှု၊ ၂၀၂၁-၂၀၂၆ ခုနှစ်အထိ လုပ် ဆောင်ရန် လျာထားမှုများ၊ အားကစားရန်ပုံငွေ တည်ထောင်ထားရှိမှု အခြေအနေများ၊ အာဆီယံ နိုင်ငံများ၏ ကိုဗစ်-၁၉ သက်ရောက်မှုအပေါ် တုန့်ပြန်ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားပြီး ဒုတိယ ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)