နေပြည်တော် ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး လူငယ်သင်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး လူငယ်သင်တန်းကျောင်းကို လိုအပ်ချက်အရ တိုးချဲ့ဖွင့်လှစ်ခဲ့ပါကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် ပြစ်ဒဏ်ကျခံရမည့် ကလေးများနှင့် လူငယ်များကို ဥပဒေအရ လူငယ်သင်တန်းကျောင်းများတွင် ပြုပြင်၊ ပြုစု၊ ပျိုးထောင် ပေးလျက်ရှိကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ရာတွင် ကလေးသူငယ်၏ အသက်ကို (၁၈) နှစ်ဟု သတ်မှတ်ထားရှိပါသဖြင့် လူငယ် သင်တန်းကျောင်းများတွင် အသက်(၁၈) နှစ်အောက် ကလေးသူငယ်များကို တိုးမြှင့်လက်ခံ ခဲ့ရပါကြောင်း၊ ထို့ကြောင့်လူငယ် သင်တန်းကျောင်းများတွင် သင်တန်းသားများ တိုးတက်များပြား လာ၍ ဝန်ထမ်းအင်အား လိုအပ်ချက်များ၊ တွေ့ကြုံရသည့်အခက်အခဲများကို ဖြေရှင်းနိုင်စေရန် ဖွဲ့စည်းပုံများ တိုးချဲ့ဆောင်ရွက်ခဲ့ရာ ပုသိမ်ကြီးလူငယ် သင်တန်းကျောင်း၏ ဖွဲ့စည်းပုံအသစ်အရ လက်ရှိကျောင်းသား (၂၁၁) ဦးကို ဝန်ထမ်း (၁၆) ဦးဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း။
ကိုဗစ်-၁၉ ကာလဖြစ်၍ စိန်ခေါ်မှုများစွာရှိနေပါကြောင်း၊ မိမိတို့အနဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ အပါအဝင် လုံခြုံရေး၊ အဆောက်အဦ လိုအပ်ချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာလ ဖြစ်၍ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် အထူးသတိပြုပြီး ဆောင်ရွက်ရမှာဖြစ်သလို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းများကိုလိုက်နာပြီး သင်တန်းကျောင်း၏ ရည်ရွယ်ချက် များကို အောင်မြင်စေရန် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အတည်ပြုပြဋ္ဌာန်းထားရှိသည့် လူငယ်ရေးရာ မူဝါဒတွင် လူငယ်ကို အသက် (၁၅ နှစ်မှ ၃၅ နှစ်အထိ) သတ်မှတ်ထားသောကြောင့် သင်တန်းကျောင်းတွင်ရှိသည့် ကျောင်းသားများအတွက် အကျုံး၀င်ပါကြောင်း၊ လူငယ်ရေးရာ မူဝါဒအရ လူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍ (၁၆) ရပ်ဖြင့် မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း၊ လူငယ်များသည် မိမိတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို တည်ဆဲဥပဒေများအရ ရယူခံစားနိုင်ပြီး ဥပဒေဘောင်အတွင်း နေထိုင်ကြရန်ဖြစ်ကြောင်းကို သိရှိစေရန်လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လူငယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့်ဝန်ထမ်းများက လက်ရှိဆောင်ရွက်လျက် ရှိသော လုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီး၊ ညွှန်ကြား ရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သင့်သည့် အစီအစဉ်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် မိမိတို့အနေဖြင့် ကိုဗစ်-၁၉ နှင့် ယှဉ်တွဲ၍ လုပ်ငန်းများကို အသားကျအောင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ ကူးစက်မှုကာကွယ်ရေး လမ်းညွှန်ချက်များကို အလေ့ အထဖြစ်အောင် လေ့ကျင့်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အမှုရင်ဆိုင်ရမည့် ကလေးများအတွက် အမှုစစ်ခြင်းကို သက်ဆိုင်ရာတရားရုံးများနှင့် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာကျောင်းအလိုက် အသိပညာပေး ဆွေးနွေးပွဲများကို Online ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း၊ သင်တန်းကျောင်းတွင် နေထိုင်ရစဉ် ကာလကို အကျိုးရှိစေရန် သင်ကြားလေ့ကျင့်ပေးခြင်းသည် နိုင်ငံတော်အတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဥပဒေဘောင်အတွင်း နေထိုင်၍ တန်ဖိုးရှိသော လူသားများဖြစ်အောင် နေထိုင်နိုင်ရေး အသိပညာပေး ရမည်ဖြစ်ကြောင်း၊ ကျောင်းအတွင်း အုပ်စုလိုက် ဆွေးနွေးပွဲများ၊ သဘောထားအမြင် ဖလှယ်ခြင်းများဖြင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အတွေ့အကြုံရှိသောသူများက ဟောပြောဆွေးနွေးမှုများကို ပြုလုပ်ပေးရမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ အလေးထား ဆောင်ရွက်ကြရန်လည်း သတိပြုရမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် မန္တလေးတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)