မိမိတို့နိုင်ငံသည် ပထဝီဝင်အနေအထားအရ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်သည့်အလားအလာများ မြင့်မားသည့်နိုင်ငံများထဲတွင် ပါဝင်သည်။ ကမ်းရိုးတန်းများ၊ တောင်ကုန်းတောင်တန်းများနှင့် ကုန်းပြင်မြင့်များ၊ မြစ်ကြီးများနှင့် မြစ်ဝှမ်းများ၊ ပြတ်ရွေ့များ စသည်တို့ကြောင့် မုန်တိုင်းတိုက်ခတ်ခြင်း၊ တောင်ပြိုမြေပြိုခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေငလျင်လှုပ်ခြင်း စသည့်သဘာဝဘေးများ ကြုံတွေ့ရနိုင်သည်။ ထို့အပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်များ မကြုံစဖူးဖြစ်ပေါ်ခြင်း၊ ပို၍ပြင်းထန်ခြင်း၊ ပို၍အကြိမ်ရေ များပြားလာခြင်းတို့လည်း ဖြစ်လာနိုင်သည်။
ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင် မုန်တိုင်းများ၊ ရေကြီး ရေလျှံမှုများနှင့် ငလျင်လှုပ်ခတ်ခြင်းတို့ကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် ငွေကျပ် ၅၃၄ ဘီလီယံကျော်၊ ရာဂီမုန်တိုင်းကြောင့် ငွေကျပ် ၄၆၆ ဘီလီယံကျော်နှင့် မန္တလေးငလျင်ကြီးကြောင့် ငွေကျပ် ၃၆၂၉ ဘီလီယံကျော်ဆုံးရှုံးခဲ့သည်။ မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေး အန္တရာယ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုလုပ်ငန်းများကို ထိခိုက်စေမည့်အန္တရာယ်များအဖြစ် သတိပြုကြရမည်ဖြစ်သကဲ့သို့ နှစ်စဉ်ကြုံတွေ့နေရမည့် ဖြစ်စဉ်များအဖြစ် မျှော်မှန်းထားကြရမည်ဖြစ်ပြီး ဒေသများအလိုက် ကြုံတွေ့နိုင်သည့် သဘာဝဘေးများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ကြစေရန် ပြင်ဆင်မှုကာကွယ်မှုများ ပြုလုပ်ကြရမည်ဖြစ်သည်။
‘‘မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာနှင့်အဝန်းကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာမှု အစရှိသည့် အမျိုးမျိုးသောအကြောင်းအရာများကြောင့် ယခုကဲ့သို့ကိစ္စရပ်များ ရှိနေဦးမည်ဖြစ်ကြောင်း၊ ရှိလာသည့်အခါတွင်လည်း ထိခိုက်ပျက်စီးမှုများ လျော့နည်းသည်ထက်လျော့နည်းစေရေး နောက်ပိုင်းတွင် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး၏ အဓိကရည်မှန်းချက်ဖြစ်သည့် ဘေးဒဏ်များမှ ကြံ့ကြံ့ခံရမည်ဟူသည့် အနေအထားအထိရောက်အောင် မိမိတို့အားလုံးအတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြရန် ထပ်လောင်းမှာကြားလိုကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင်လည်း လက်ရှိကြုံတွေ့နေရသည့် ဘေးအန္တရာယ်များအပြင် နောင်ဖြစ်လာနိုင်ခြေရှိသည့် ဘေးအန္တရာယ်များအတွက်ပါ ကြိုတင် ထည့်သွင်းတွက်ဆပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အနာဂတ်အတွက် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း’’ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ခဲ့ရသည့်ဒေသများအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းသည့်အခမ်းအနား အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုအခါ နိုင်ငံအတွင်း နေရာဒေသအနှံ့အပြားတို့တွင် မိုးရွာသွန်းမှုများပြားလျက်ရှိပြီး မြစ်ချောင်းများရေကြီးရေလျှံမှုနှင့် မြို့ရွာဒေသအချို့တွင် ရေဝင်ရောက်ခြင်း၊ ကားလမ်းများရေကျော်ဖုံးလွှမ်းခြင်း စသည်တို့ဖြစ်ပွားနေကြောင်း သတင်းများတွင်တွေ့ရှိရသည်။ ဧရာ၀တီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားရာတွင် လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတ၊ ရေကြည်နှင့် ကျုံပျော်မြို့နယ်တို့ရှိ ကျေးရွာများ၌ ရေဝင်ရောက်မှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ ကူညီကယ်ဆယ်ရေးနှင့် တာတမံပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ ရေကြီးရေလျှံမှုများမှာ မုတ်သုံရာသီမိုးရွာသွန်းမှုများပြားခြင်း၊ မုန်တိုင်းများဝင်ရောက်ခြင်း စသည့်အကြောင်းများကြောင့် နှစ်စဉ်ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်လာနေပြီဖြစ်သည်။ ရေကြီးရေလျှံမှုများမှာ မြစ်ချောင်းများမှ စီးဆင်းနိုင်သည့်ပမာဏထက် များပြားသောရေများ စီးဆင်းလာခြင်းကြောင့် လျှံထွက်လာခြင်းဖြစ်ရာ မြစ်ကြောင်းများ၊ ချောင်းများ ရေစီးရေလာပြုပြင်ထိန်းသိမ်းခြင်း၊ မြစ်ကြမ်းခင်းအောက်ခြေများ မြင့်တက်လာခြင်းတို့ကို တူးဖော်ဖယ်ရှားခြင်း၊ မြစ်ကမ်းဝဲယာများတွင် တာတမံများတည်ဆောက်ခြင်း၊ မြစ်ညာဒေသများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ တရားမဝင် သတ္တု၊ ရွှေ စသည်တို့တူးဖော်ခြင်းများကိုတားမြစ်ခြင်း စသည်တို့ကိုစဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
သဘာဝဘေးများမှာ မဖြစ်အောင်တားဆီး၍မရနိုင်ဘဲ လူ့အဖွဲ့အစည်းအသိုက်အဝန်းတို့ကို မပျက်မစီးဘဲ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်အတွက်သာ ခိုင်ခိုင်မာမာ ကြိုတင်ပြင်ဆင်တည်ဆောက်ထားကြရမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုများတွင် သဘာဝဘေးအန္တရာယ်များကြောင့် သမင်မွေးရင်း၊ ကျားစားရင်း ဆုံးရှုံးမှုများမဖြစ်စေရန် ထည့်သွင်းတွက်ချက်ဆောင်ရွက်ကြခြင်းဖြင့် ဆုံးရှုံးမှုများမှ ရှောင်လွှဲကြရပါမည့်အကြောင်း။ ။
