Skip to main content

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ ၆,၇၄၇ ဦးကို ဘေးလွတ်ရာရွှေ့ပြောင်းထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်

ပုသိမ်     ဩဂုတ်    ၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သခွတ်ချောင်းကျေးရွာအုပ်စု ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာ တာမိုင် ၂၅/၃ တွင် တာဘောင်ကျိုးပေါက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအရေးပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သက်ဆိုင်ရာကော်မတီများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် တာပေါင်အနီး သဲဗွက်များ စတင်ဖြစ်ပေါ်လာသဖြင့် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် သဲဗွက်များပိုမိုကျယ်ပြန့်လာကာ မြစ်ရေတွန်းအားကြောင့် တာဘောင်ပေ ၂၀ ခန့် ကျိုးပေါက်ခဲ့ကြောင်း ပြောကြားသည်။

လက်ရှိတွင် တာကျိုးနေရာ၌ ရေရှိန်သတ်ခြင်းနှင့် ရေပေါက်ပိတ်ဆို့ခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ သောက်သုံးရေ၊ ဆန်ရိက္ခာ၊ စားသောက်ကုန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

ထို့အပြင် သက်ဆိုင်ရာလုပ်ငန်းကော်မတီများက တာပေါင်အခြေအနေ၊ ရှာဖွေကယ်ဆယ်ရေး၊ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သတင်းထုတ်ပြန်ရေး၊ ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၏ ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြခဲ့ကြောင်း သိရသည်။

အစည်းအဝေးအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ် ဂျမ်းကုန်းကျေးရွာအနီးရှိ တာကျိုးနေရာနှင့်  ရေဝင်ရောက်နေသည့် နေရာများတွင် ပြည်သူများနှင့် ကျွဲ၊ နွားတိရစ္ဆာန်များကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနေမှု၊ ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးနေမှုတို့ကိုကြည့်ရှုကာ ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် လေးမျက်နှာမြို့ရှိ ဣစ္ဆာသယကျောင်းတိုက် ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည့် အကူအညီများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် စိတ်ဓာတ်မကျဘဲ အတူတကွကျော်ဖြတ်ကြရန် အားပေးစကား ပြောကြားသည်။

တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရှိ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)နှင့် (၅) ရပ်ကွက်များအပြင် ညောင်ပင်ဝဲကျေးရွာအုပ်စုနှင့် သခွတ်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအများအပြားသို့ ရေဝင်ရောက်လျက်ရှိပြီး အိမ်ခြေ ၁,၃၂၀၊ အိမ်ထောင်စု ၁,၃၃၃ စုမှ လူဦးရေ ၆,၇၄၇ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။

လက်ရှိအချိန်အထိ လူနှင့် တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိသေးဘဲ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)