ရန်ကုန် ဇူလိုင် ၂၅
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ကျင်းပသည့် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ-၂၀၂၆ (Tastes of the Golden Land-2026) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန် ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်စိုး၊ ဦးထွန်းအုံနှင့် ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်အချက်အပြုတ်ပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “စားဖွယ်စုံလင်ပြည်တစ်ခွင်” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကြီးသည် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် မြန်မာ့ရိုးရာအစားအသောက်များကို နိုင်ငံတကာအဆင့်မီ တည်ခင်းဧည့်ခံနိုင်ရန်၊ မြန်မာ့ရိုးရာအစား အစာများကို ကမ္ဘာ့အလယ်တွင် ပိုမိုထင်ရှားကျော်ကြားလာစေရန်နှင့် မြန်မာ့ရိုးရာအစားအစာများကိုအခြေခံပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး မြှင့်တင်ဆွဲဆောင်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပသော အနက်အဓိပ္ပာယ်ရှိလှသည့် ပြိုင်ပွဲနှင့်ပြပွဲကြီး ဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးက မိမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းကြောင်းအစဉ်အလာများကိုဖော်ပြရာတွင် ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် အနုပညာ၊ စာပေ၊ ဝတ်စားဆင်ယင်မှုများအပြင် အစားအသောက်ဆိုင်ရာ ယဉ်ကျေးမှု (Food Culture) သည်လည်း အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ မိမိတို့နိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်း နေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည်နှင့်အညီ ဒေသအလိုက်၊ တိုင်းရင်းသားလူမျိုးစုများအလိုက် မတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများရှိသကဲ့သို့ ထူးခြားပြီးအရသာရှိလှသည့် ရိုးရာအစားအစာများကို ပိုင်ဆိုင်ထားသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ထူးခြားပြီး ဆွဲဆောင်မှုရှိသည့် မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံအတွင်းမှာသာမက ကမ္ဘာကသိအောင် ဖော်ထုတ်ပြီး မြှင့်တင်ဆောင်ရွက် နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။
ဒေသအလိုက်ရိုးရာအစားအသောက်များသည် ခရီးသွားများ၏ ခရီးစဉ်ရွေးချယ်မှုတွင်အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်လာကြောင်း၊ ယနေ့ကာလတွင် အစားအသောက်ကို အကြောင်းပြုပြီး သွားလာလည်ပတ်သည့် ခရီးသွားလုပ်ငန်း တစ်နည်းအားဖြင့် Gastronomy Tourism သည် အရှိန် အဟုန်ဖြင့် တိုးတက်လာသည့် ခရီးသွားလုပ်ငန်းအမျိုးအစားတစ်ခု ဖြစ်လာသည်ကို တွေ့ရကြောင်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းသည် အလျင်အမြန်တိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံ များသည်လည်း မိမိတို့နိုင်ငံ၏ ပုံရိပ်မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရိုးရာ အစားအစာများကို ထိရောက်စွာ ဖော်ထုတ်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ မြန်မာနိုင်ငံတွင်လည်း နိုင်ငံနှင့်ယှဉ်တွဲပြီး သိစေနိုင်မည့်အစားအစာများကို ဖော်ထုတ်မြှင့်တင် ဆောင်ရွက်ကြရန်လိုကြောင်း။
မိမိတို့နိုင်ငံအနေဖြင့်လည်း ထင်ရှားကျော်ကြားသည့် မြန်မာ့လက်ဖက်၊ ထမနဲ စသည့် ရိုးရာ အစားအစာများကို ကမ္ဘာကသိရှိပြီး UNESCO က အသိအမှတ်ပြုခံရသည့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် ဖြစ်အောင် ကြိုးစားဆောင်ရွက်နေသည်မှာ အားလုံးအသိပင် ဖြစ်ကြောင်း၊ အစားအသောက်ဆိုင်ရာခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်းသည် မိမိတို့ဒေသ၏ ရိုးရာအစားအစာများကို ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ရာရောက်သကဲ့သို့ ဟိုတယ်များ၊ စားသောက်ဆိုင်လုပ်ငန်းများသာမက စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း တိုက်ရိုက်အကျိုး ကျေးဇူးရရှိစေနိုင်မည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရာလည်း ရောက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းများ တိုးတက်လာစေရန် စနစ်တကျမြှင့်တင်ဆောင်ရွက်ကြရန်အတွက် ယခုကဲ့သို့ မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ ကို စီစဉ်ကျင်းပရခြင်းလည်းဖြစ်ကြောင်း။
မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲများမှတစ်ဆင့် မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံ တကာအဆင့်မီ အရသာရှိရှိချက်ပြုတ်ပြီး သန့်သန့်ရှင်းရှင်း၊ ဖွယ်ဖွယ်ရာရာ တည်ခင်းဧည့်ခံနိုင်ရန် ပြင်ဆင်တင်ဆက်မှုများ၊ စားဖိုမှူးများ၏ တီထွင်ဖန်တီးမှုများကို ဖော်ထုတ်မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စိတ်ဝင်စားစရာကောင်းသည့် မြန်မာ့ရိုးရာအစားအစာများကတစ်ဆင့် မြန်မာနိုင်ငံ ကို နိုင်ငံတကာခရီးသွားများပိုမိုသိရှိပြီး လာရောက်လည်ပတ်စေရန်အတွက် အထောက်အကူပြုဆွဲ ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုပြိုင်ပွဲနှင့်ပြပွဲ အစီအစဉ်ကို မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်၌ (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံတကာအဆင့်မီ ချက်ပြုတ်တည်ခင်းဧည့်ခံနိုင်ရန် ပြိုင်ပွဲပြုလုပ်ရုံ သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဒေသထွက်အစားအစာများ၊ ကော်ဖီ၊ လက်ဖက်စသည့် ထုတ်ကုန်များကိုပါ တစ်နေရာထဲတွင် ဝယ်ယူစားသောက်နိုင်အောင် စီစဉ်ထားသည်ကိုတွေ့ရှိရကြောင်း၊ အခမ်းအနား တက်ရောက်လာကြသူများအနေဖြင့် မြန်မာ့ရိုးရာအစားအစာများ၏ ထူးခြားသည့်အရသာ၊ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို သိရှိခံစားနိုင်မည့် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ရှေ့ဆက်လက်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားအတွက် အထောက်အပံ့ကောင်းများရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ယင်းနောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ -၂၀၂၆ အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အခမ်းအနား ဖြစ်မြောက်အောင် Main Sponsor ၊ Gold Sponsor နှင့် Sliver Sponsor အဖြစ် ပံ့ပိုးကူညီပေးခဲ့ကြသည့် လုပ်ငန်းရှင်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က Supporting Partner အဖြစ် ပံ့ပိုးကူညီပေးခဲ့ကြသည့် လုပ်ငန်းရှင်များကိုလည်းကောင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုရုပ်သံကို ကြည့်ရှုအားပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ပြခန်းများနှင့် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတက ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုလက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
ယခုကျင်းပသည့် အခမ်းအနားသည် မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံတကာအဆင့်မီ Fine Dining အသွင်ဖြင့် တင်ဆက်ယှဉ်ပြိုင်ခြင်း၊ ဒေသအသီးသီးမှ ရိုးရာအစားအစာများကို ပြသခြင်း၊ ရောင်းချခြင်း၊ အတွေ့အကြုံများဖလှယ်ခြင်းတို့ကို တစ်နေရာတည်းတွင် လေ့လာကြည့်ရှု ဝယ်ယူနိုင်အောင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အခမ်းအနားတစ်ခုဖြစ်ပြီး ပြိုင်ပွဲဝင် အဖွဲ့ (၇) ဖွဲ့ ပါဝင်ယှဉ် ပြိုင်ခဲ့ကာ ပြခန်းပေါင်း ၁၂၀ ပြသရောင်းချပေးလျက်ရှိကြောင်း သိရသည်။
