“နိုင်ငံတော်တွင် နိုင်ငံရေးအရ တည်ငြိမ်မှုရှိသည်ဟုဆိုရာတွင် ပြည်သူလူထု၏ စားရေးအဆင်ပြေစေရန်၊ စီးပွားရေးအရ ပြေလည်ရန် အဓိကလိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ စားရေးအဆင်ပြေမှုရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို ဒေသအလိုက် မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အကျိုးအမြတ်ရရှိရေးသည် အဓိကမဟုတ်ဘဲ ပြည်သူလူထုအနေဖြင့် အသား၊ ငါးနှင့် ရာသီသီးနှံများကို သက်သာသောဈေးနှုန်းများဖြင့် လုံလုံလောက်လောက် ဝယ်ယူစားသုံးနိုင်စေရေးအတွက်ကိုသာ အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန်” ဇူလိုင် ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များအား ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် (မှော်ဘီ)၊ (၂၆) မိုင်ဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်များကို တည်ထောင်ထားပြီး ဇုန်များအလိုက် ငါး၊ ဥစားဘဲ၊ ဥစားကြက်၊ အသားတိုးကြက်၊ နို့စားနွား၊ အသားစားနွားစသည့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းများဆောင်ရွက်ရာတွင် အထွက်နှုန်းတိုးတက်မြင့်မားစေရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူရေး၊ ခေတ်မီနည်းစနစ်ဖြင့် စက်ကိရိယာများ သုတေသနပြုအသုံးချမွေးမြူရေး၊ သားဖောက်မွေးမြူခြင်းနှင့် မွေးမြူရေးအစားအစာ အရည်အသွေးပြည့်စုံကောင်းမွန်ရေး၊ ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို ဈေးကွက်အတွင်းဖြန့်ဖြူးရေး၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများနှင့် ဘိုင်အိုဂက်စ်ထုတ်လုပ်ရေး၊ သဘာဝမြေဩဇာထုတ်လုပ်ရေးဇုန်များ၌ အစာစပ်လုပ်ငန်းနှင့် အစာတောင့်စက်များ ထုတ်လုပ်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းသည် ဒေသတွင်း အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ရာသီသီးနှံများ ဖူလုံမှုရှိရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် မှီတင်းနေထိုင်ကြသော လူဦးရေ ခုနစ်သန်းကျော် ရှစ်သန်းခန့်အတွက် နေ့စဉ် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဈေးနှုန်းသက်သက်သာသာဖြင့် ပြည့်ပြည့်ဝဝ စားသုံးနိုင်စေရေးအတွက် နိုင်ငံတော်သမ္မတကြီးက အစောပိုင်းကာလကတည်းက စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်တို့ကို တာဝန်ခွဲဝေဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။ သီလဝါစိုက်ပျိုးမွေးမြူရေးဇုန်မှ အသား၊ ငါးများသည် တပ်မတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည်။ အလားတူ ငါးမွေးမြူရေးဇုန်နှင့် အခြားမွေးမြူရေးဇုန်များမှ ထွက်ရှိသောအသား၊ ငါး၊ ဥအမျိုးမျိုးတို့သည် ရန်ကုန်တိုင်းဒေသကြီး၏ စားရေးသောက်ရေးကို အထောက်အကူပြုလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ဥစားကြက်၊ ဘဲမွေးမြူရေးနှင့်ပတ်သက်၍ ဥထွက်ပမာဏ၊ ဥသည့်အချိန်ကာလတို့ကို စနစ်တကျတွက်ချက်ပြီး အသုတ်လိုက် မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ အထွက်နှုန်းတိုးတက်မြင့်မားစေမည့် မွေးမြူရေးနည်းလမ်းများကို ဆက်လက်လေ့လာလုပ်ကိုင်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိရိုးဖလာသမားရိုးကျနည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များဖြင့် အသုံးပြုလုပ်ကိုင်လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စက်ရုံ၊ အလုပ်ရုံ များစွာရှိပြီး လူဦးရေများပြားစွာရှိနေခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအားမျှတစေရန်နှင့် အခြေခံစားကုန်များ ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်သည်။
ရန်ကုန်မြို့သည် ယခင်က နိုင်ငံတော်၏မြို့တော်ဖြစ်သည်နှင့်အညီ စီးပွားရေးအရ အချက်အချာကျသည့် မြို့၊ ဖွံ့ဖြိုးတိုးတက်သည့်မြို့၊ အသိပညာ၊ အတတ်ပညာရှင်များဖြင့် စုစည်းကျစ်လျစ်သည့်မြို့စသည့် အခြေခံကောင်းများစွာပိုင်ဆိုင်ထားသည့်မြို့ဖြစ်သဖြင့် အခြားသောမြို့များထက် ဦးဆောင်စံပြအဖြစ် ဒေသတွင်း စားရေးအဆင်ပြေစေရေးအတွက် ဆက်လက်အကောင်အထည်ဖော်သွားရန်လိုသည်။ အလားတူ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အသား၊ ငါး၊ ဥများ ဖူလုံစွာရရှိရေး ဒေသအလိုက်နေထိုင်ကြသည့် လူဦးရေနှင့် စားသုံးမှုအပေါ်တွက်ချက်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် စနစ်တကျ တိုးချဲ့ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ MSME ကို အခြေခံသည့် စီးပွားရေးနှင့် စုပေါင်းဆောင်ရွက်သည့် သမဝါယမစနစ် ကျင့်သုံးဆောင်ရွက်သွားမည်ဆိုပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူများ စားရေးအဆင်ပြေချောမွေ့စေရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ယခုထက်ပိုမိုတိုးတက်အောင်မြင်ဖြစ်ထွန်းစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များက အကျိုးအမြတ်ကို ဦးစားမပေးဘဲ ပြည်သူများအကျိုးကိုရှေးရှု၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
