Skip to main content

ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုတွင် အဓိကအရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်နေသည့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် အသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျှဝေပေး မည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၂ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး ။ ။ ဒီကနေ့မှာ မြန်မာနိုင်ငံ စီးပွားရေး ကို နည်းပညာနဲ့ ဆန်းသစ်တီထွင် မှုကိုအခြေခံပြီး ယှဉ်ပြိုင် နိုင်စွမ်း မြင့်မားစေရန်နဲ့ နည်းပညာကို အခြေခံပြီး ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ရာတွင် ပိုမိုမြန် ဆန်နိုင် ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ငွေပေးချေမှု များနဲ့ ပတ်သက် ပြီး ဗဟုသုတတွေကို မျှဝေပေး သွားမယ့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီအစီအစဉ်မှာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲရင့်ဝင်းနဲ့ Myanmar Payment Union (MPU) အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ် တို့က ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး မေးခွန်းအနေနဲ့ အခုလက်ရှိ မြန်မာ နိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမှာ ဒစ်ဂျစ်တယ် စနစ်ရဲ့ ငွေပေးချေမှု အခန်းကဏ္ဍဟာ ဘယ်လို နေရာတွေမှာ အသုံးပြုဖို့ လိုအပ်ပြီး၊ အကျိုးကျေးဇူးတွေက ဘာတွေဖြစ် လာမလဲဆိုတာ ဦးရဲရင့်ဝင်းက သုံးသပ် ပြောကြားပေးပါဦး။

ဦးရဲရင့်ဝင်း ။ ။ ပထမဦးဆုံးအနေနဲ့က ကုန်ပစ္စည်း လဲလှယ်မှုပါ။ ဟိုးအရင်တုန်းက တစ်ဦး အလိုရှိတဲ့ပစ္စည်းကို အခြားတစ်ဦးနဲ့ လဲလှယ်တဲ့ နေရာမှာ ကုန်ပစ္စည်းချင်း တိုက်ရိုက်လဲလှယ်ရာကနေ ကြားခံတစ်ခုခုကိုထားပြီး သွယ်ဝိုက်လဲလှယ်ရင် ပိုမို ထိရောက်တဲ့အတွက်ကြောင့် သွယ်ဝိုက်ပြီး လဲလှယ် လာခဲ့တာပါ။ အခုကျွန်တော်တို့ သုံးစွဲနေတဲ့ စက္ကူ ငွေကြေးအဖြစ်ကို တွင်တွင်ကျယ်ကျယ် သုံးနေတာဟာ ယနေ့တိုင် ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေမှာ စက္ကူငွေကြေးကို ကြားခံ အဖြစ်နဲ့ သုံးစွဲတဲ့နေရာမှာ ဒီငွေကြေးဟာ အနီးအနား ပေးချေမှုဖြစ်တဲ့ စားသုံးသူနဲ့ ဝယ်ယူသူရဲ့ ကြားထဲ နီးနီး နားနားနဲ့ ပမာဏသိပ်မကြီးတဲ့ ပေးချေမှုတွေမှာ အဆင်ပြေပေမယ့် အခုခေတ် လိုအပ်ချက်အရဆိုရင် အကန့်အသတ် ဖြစ်လာတယ်။ တစ်နေရာက တစ်နေရာ ကိုပေးပို့ဖို့ အချိန်ကြာမြင့်တာ၊ ကြီးမားတဲ့ပမာဏကို ပေးချေဖို့မှာ ခက်ခဲတာ၊ ကိုင်တွယ်ထိန်းသိမ်းရာမှာ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာတာ၊ ကုန်ကျစရိတ်မြင့်မား တာ စတာတွေ ရှိလာတယ်။ အထူးသဖြင့် ကိုဗစ်ကာလ မှာဆိုရင် ကိုင်တွယ်ရာကနေပြီး ရောဂါကူးစက်နိုင်တဲ့ အခြေအနေမျိုးတွေ အန္တရာယ်ရှိနေပါတယ်။

ဒီလိုကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ဖို့အတွက် ဒစ်ဂျစ်တယ် Payment ကို တွင်တွင်ကျယ်ကျယ်သုံးပြီး ငွေကြေးအသုံးချမှုကို လျှော့ဖို့လိုအပ်ပါတယ်။ အဲဒီတော့ ဒစ်ဂျစ်တယ် Payment ဆိုတာသည် ပေးစရာရှိတဲ့သူက ရစရာရှိတဲ့သူကို အွန်လိုင်းကနေတစ်ဆင့် ဒစ်ဂျစ်တယ် ပုံစံနဲ့ ပို့လိုက်တဲ့ဟာမျိုးကို ဒစ်ဂျစ်တယ် Payment လို့ ပြောတာပါ။

ဒီလုပ်ငန်း လုပ်ဆောင်ချက်တိုင်းမှာ ငွေပေးချေမှု ဆိုတာ အမြဲတမ်းပါဝင်ပါတယ်။ လုပ်ငန်း လုပ်ဆောင်ချက်တွေ သာမက လူမှုရေးအရ ငွေပေးတာ၊ တာဝန် အရ ငွေပေးချေတာတွေကို ဆောင်ရွက်ရပါတယ်။ ဘယ်လို လုပ်ငန်း မဆို ငွေပေးချေမှုတွေ ပါဝင်ပတ်သက်နေတဲ့ အတွက် ငွေပေးချေမှု မချောမွေ့ရင် လုပ်ငန်း ဆောင်ရွက် မှုတွေ မဖြစ် မြောက်တာတွေ၊ နှေးကွေးတာတွေ၊ စရိတ် ကြီးမားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ငွေကြေး ပေးဆောင် မှုသည် စွမ်းဆောင်ရည်ပြည့်ဝဖို့ လိုတယ် ဆိုတာကို ပြောလို့ရပါတယ်။

ယခုအခါမှာ ကိုဗစ် - ၁၉ ကပ်ရောဂါဘေးကြောင့် လူတွေထိတွေ့မှု နည်းနိုင်သမျှနည်းအောင် နည်းပညာ ကိုအသုံး ပြုပြီး လုပ်ဆောင်လာကြသလို Next New Normal အတွက် စဉ်းစားကြတဲ့အခါ အိုင်စီတီမှာ ပြိုင်ဆိုင်နိုင်မှုတွေ မြင့်မား မယ်ဆိုတာ ခံယူလာကြပြီး ဒစ်ဂျစ်တယ်ပြောင်းလုပ်လာကြပါတယ်။ လုပ်ငန်းတွေ ဒစ်ဂျစ်တယ် အသွင် ပြောင်း ဖို့ဆိုရင် ထိရောက်တဲ့ ဒစ်ဂျစ် တယ်ငွေပေးချေမှုစနစ် ရှိရမှာပါ။ ဒစ်ဂျစ်တယ် အသွင် ပြောင်းရေးအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှု ဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကအရေးအကြီးဆုံး လိုအပ်ချက် တစ်ခုလို့ ပြောလို့ရ ပါတယ်။

ငွေပေးချေမှုလိုအပ်ချက်တွေကိုကြည့်ရင် (လူပုဂ္ဂိုလ် တစ်ဦးချင်း) ပြည်သူအချင်းချင်းကြား ငွေပေးချေမှုတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ (လူပုဂ္ဂိုလ်တစ်ဦး ချင်း) ပြည်သူတို့ အကြား ငွေပေးချေမှုတွေ၊ စီးပွားရေး လုပ်ငန်းတွေ အကြား ပေးချေမှုတွေ၊ အစိုးရလုပ်ငန်းတွေအကြား ပေးချေမှုတွေ၊ လူပုဂ္ဂိုလ်တစ်ဦး ချင်းကြား၊ အစိုးရနဲ့ (လူပုဂ္ဂိုလ် တစ်ဦးချင်း) ပြည်သူအကြား ပေးချေမှုတွေ၊ အစိုးရနဲ့ စီးပွားရေးလုပ်ငန်း တွေအကြား ပေးချေမှုတွေ စသည်ဖြင့် တွေ့နိုင် ပါတယ်။ လူပုဂ္ဂိုလ် တစ်ဦးနဲ့တစ်ဦး ကြားဆိုရင် မြို့ကြီးပြကြီးမှာ လာပြီး အလုပ်လုပ်နေတဲ့သူက နယ်မှာ ရှိတဲ့ မိဘဆီကို ငွေပြန်လွှဲပို့တဲ့ ကိစ္စမျိုးတွေတို့၊ အခြားတစ်နိုင်ငံကနေပြီး ပြည်တွင်းကို ငွေပြန်လွှဲပို့တဲ့ ကိစ္စမျိုး တွေသည် တစ်ဦးချင်း ကြားမှာ ရှိတာတွေပါ။

နောက် ပိုင်ဆိုင်မှုပစ္စည်းတွေကို လွှဲပြောင်းပေးတာပါ။ အခု ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းမှာ အရေးကြီးတဲ့ကိစ္စတစ်ခုက Sharing Economy ပါ။ တစ်ယောက်ရဲ့ လိုတဲ့ပစ္စည်း၊ ပိုတဲ့ပစ္စည်းကို Share လုပ်ပြီး သုံးတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး ငွေပေးချေမှုတွေက များ လာမှာ ဖြစ်ပါတယ်။ ဒါတွေ များလာမှာဖြစ်တဲ့အတွက် ပေးချေမှုတွေကို ပြန်ကြည့်တဲ့အခါမှာလည်း သူက အဝေးက နေ ငွေပေးချေမှုတွေ လုပ်လာတဲ့အချိန်မှာ ဒစ်ဂျစ်တယ် ငွေပေးချေမှုလုပ်မှသာလျှင် ပိုမိုပြီး ထိရောက်တဲ့ အခြေအနေ မျိုးလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။

စီးပွားရေးလုပ်ငန်းတွေကို ကြည့်မယ်ဆိုရင် ဟိုး အရင်တုန်းက ICT ကို ပံ့ပိုးပေးတဲ့ အလုပ်တွေပဲ သုံးပေမယ့် အခုအချိန်မှာ လုပ်ငန်းရဲ့ ပင်မအလုပ်အဖြစ် Core Business လုပ်ငန်းတွေမှာ ICT ကို သုံးလာကြပြီ ဖြစ်ပါတယ်။ ကျောင်း တွေက စာသင်တဲ့အလုပ်ကို အွန်လိုင်းက သင်လာကြတယ်။ ဆိုင်တွေက ရောင်းတဲ့အလုပ်ကို အွန်လိုင်း က လုပ်လာကြ တယ်။ ဒီအလုပ်တွေ အွန်လိုင်းပေါ်ကို ရောက်လာပြီဆိုရင် နယ်မြေအပိုင်းအခြားမရှိ ဝန်ဆောင် မှုတွေ၊ ဆောင်ရွက်မှု တွေ ပေးဖို့လိုပါတယ်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် နယ်တစ်နယ်မှာ ဖွင့်တဲ့စာသင်ကျောင်းဟာ ဒီနယ်မှာပဲ သင်မှာမဟုတ်တော့ ဘူး။ ရန်ကုန်က ကျောင်းသား သို့မဟုတ် တခြားနိုင်ငံက ကျောင်းသားအထိ သွားရောက် သင်ကြားပေး လို့ရပါတယ်။ ဒီလိုတွေ ဖြစ်လာတဲ့အချိန်မျိုးဆိုရင် အွန်လိုင်းကနေ ဝန်ဆောင်မှုတွေ ပေးလာပြီဆိုရင် ဒီဆောင် ရွက်မှုတွေ အတွက် ငွေပေးချေမှုသည် ထိရောက်တဲ့ ငွေပေးချေမှုမျိုး ဖြစ်ဖို့လိုပါတယ်။ ဒစ်ဂျစ်တယ်ပေးချေမှုတွေ ပိုမိုလိုအပ် ပါတယ်။

ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေရဲ့ Supply Chain တွေ ပြောင်းလာပြီး လုပ်ငန်းလုပ်ဆောင်ပုံတွေပါ ပြောင်းလဲ တဲ့အတွက် တခြားဘက်ကနေ ပြန်ကြည့် ရင် အစိုးရနဲ့ ပြည်သူတွေကြားမှာလည်း ငွေပေးချေမှုတွေ အများကြီး ရှိပါတယ်။ အစိုးရတွေက သူ့ရဲ့ ဝန်ထမ်းတွေကို လခပေးတာ၊ အစိုးရပင်စင်စားတွေကို ပင်စင်ထုတ်ပေး တာ၊ လူမှုဖူလုံရေး ထောက်ပံ့ငွေပေးတာနဲ့ ဒီလိုပေးတာတွေကို လုပ်ကြရမှာ ဖြစ်ပါတယ်။ လစာထုတ်ဖို့ရာအတွက် လစာ ဘယ်လောက်ကျမလဲဆိုတာ တွက်ချက်ရပါတယ်။ ဘဏ်ကို သွားထုတ်ဖို့ အချိန်တွေ၊ ဘဏ်ကနေ ငွေပြန်သယ်လာမယ့် အချိန်တွေ၊ ပြီးရင် ပြန်ဝေပေးရမယ့် အချိန်တွေ၊ လခလာယူ ရမယ့် လူတွေရဲ့ အချိန်တွေ ပြန်ကြည့်မယ်ဆိုရင် ဒီလို လခ ပေးဖို့ရာ တစ်ခုတည်းကို ကျွန်တော်တို့ အများကြီးကို လုပ်ဆောင်နေရတာပါ။

အခုလို အခြေအနေမျိုးမှာ ဒစ်ဂျစ်တယ် Payment နဲ့သာ ငွေပေးမယ်ဆိုရင် ပိုမိုပြီး လျင်မြန်မယ်၊ ကုန်ကျစရိတ် လည်း သက်သာမယ်၊ လုံခြုံစိတ်ချရမယ်ဆိုတဲ့ အကျိုး ကျေးဇူးတွေ အများကြီးရပါတယ်။ အဲဒီတော့ တစ်လ၊ တစ်လ ဝန်ထမ်းတစ်ယောက်ကို ဒစ်ဂျစ်တယ် Payment အသုံးပြုပြီး လစာပေးတဲ့အခါ တစ်မိနစ်သက်သာ သွားတယ် ဆိုရင် ဘယ်လောက်များ သက်သာသွားမလဲဆိုတာကို တွက်ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ဒစ်ဂျစ် တယ် Payment ရဲ့ ကောင်းမွန်မှုက ဒစ်ဂျစ်တယ်အသွင်ပြောင်းဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ ပတ်ဝန်း ကျင်ဖြစ်တယ်လို့ ကျွန်တော်ပြောလိုပါတယ်။

ကုန်ကျစရိတ် သက်သာတယ်။ ထိရောက်မြန်ဆန် တယ်။ နောက်တစ်ခုက ပွင့်လင်းမြင်သာမှု ရှိတယ်။ လုံခြုံ စိတ်ချရတယ်။ ဘဏ္ဍာရေးဝန်ဆောင်မှုတွေ ပေးဖို့ရာအတွက် ကို ကုန်ကျစရိတ်တွေ သက်သာလာတဲ့ အတွက်ကြောင့် Financial Inclusion တွေ ဖြစ်မယ်ဆိုတဲ့ အကျိုးကျေးဇူးကို ရနိုင်ပါတယ်ခင်ဗျာ။

အစီအစဉ်မှူး ။ ။ လုပ်ငန်းတွေရဲ့ ဝန်ဆောင်မှုတွေနဲ့ ကုန်ပစ္စည်းတွေအတွက် ငွေပေးချေ တဲ့အခါမှာ ဒစ်ဂျစ်တယ် ငွေပေးချေမှုကို အသုံးပြုဖို့ရာ အခုဆိုရင် လိုအပ်လာပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်နဲ့ဆိုရင် ဘယ်လိုမျိုးလုပ်ဆောင်ဖို့ လိုအပ်ပါသလဲ၊ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်း အရ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကို ဆောင်ရွက်တယ်ဆိုရင် ရရှိလာနိုင်တဲ့ အလားအလာတွေကိုလည်း ဦးဇော်လင်းထွဋ်က သုံးသပ် ဆွေးနွေးပေးပါဦး။

ဦးဇော်လင်းထွဋ် ။ ။ ဘဏ်စာရင်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုလို့ရတဲ့ ငွေပေးချေတဲ့ ကတ်တွေကို မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်က စတင် မိတ်ဆက်ခဲ့ပြီး စတင်သုံးစွဲခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ဒီငွေပေးချေတဲ့ကတ်တွေက ဈေးကွက် ထဲမှာ ၁၁ သန်း လောက်ရှိပါတယ်။ ဒီကတ်တွေ သုံးစွဲနိုင်ဖို့အတွက် ATM တွေရှိတယ်။ ATM ဆိုတာ အလိုအလျောက် ငွေထုတ်စက် တွေပါ။ နောက် Point of Sale လို့ခေါ်တဲ့ ဒီကတ်တွေကို လက်ခံဆောင်ရွက်တဲ့ ဖြတ်တဲ့စက်တွေရှိမယ်။ နောက် အွန်လိုင်းကနေ ဈေးဝယ်တဲ့ e-Commerce တွေဆိုတဲ့ Gate Way တွေ ရှိပါတယ်။

ဒီငွေပေးချေတဲ့ကတ်တွေကို သုံးစွဲလာတာဆိုရင် အခုဆိုရင် ၈ နှစ်ဝန်းကျင်လောက် ရှိပါတယ်။ နောက် တစ်ခုက ဘဏ်စာရင်းတွေနဲ့ပဲ ချိတ်ဆက်ပြီး သုံးလို့ရတဲ့ Internet Banking, Mobile Banking ဆိုပြီး ရှိပါသေး တယ်။ ဒါတွေ သုံးစွဲမယ့်သူက ဘဏ်စာရင်းဖွင့်ထားပြီး Internet Banking, Mobile Banking သုံးချင်တယ်ဆိုရင် သက်ဆိုင်ရာဘဏ်တွေမှာ Register တင်ပြီး OTP လို့ ခေါ်တဲ့ One Time Pass ကို တစ်ခါသုံး Facial OTP Device ပေးမယ် သို့မဟုတ် SMS OTP ယူမယ်ဆိုရင် SMS OTP နဲ့ ဒါတွေက သုံးလို့ရပါတယ်။

ဒီ Internet Banking, Mobile Banking တွေက များသောအားဖြင့် ပုဂ္ဂလိက ကုမ္ပဏီတွေက လစာပေးတဲ့ ကိစ္စမှာသုံးကြတာများတယ်။ နောက်တစ်ခုက ခေတ် ပညာတတ်ပြီး နည်းပညာကို ပိုပြီး သုံးချင်တဲ့သူတွေက ဘဏ်အချင်းချင်း စာရင်းလွှဲပြောင်းတဲ့အခါမှာ သုံးကြ တာကိုလည်း တွေ့ရှိရပါတယ်။ Internet Banking, Mobile Banking တွေကို ပြည်တွင်းဘဏ်တွေက ၂၀၁၃ ခုနှစ် ဝန်းကျင်လောက်မှာ ဘဏ်တွေရဲ့ Core Banking System ကို ပြုပြင်ပြောင်းလဲပြီးတဲ့အချိန်မှာ စတင်ပြီး ဝန်ဆောင်မှုတွေ ပေးလာကြတာကို တွေ့လာ ရပါတယ်။

ဒါပေမယ့် ၂၀၁၅ / ၂၀၁၆ လောက်မှာ သုံးစွဲမှုတွေက ပိုများလာတယ်။ ဒီဘက် ၂၀၁၈ / ၂၀၁၉ မှာ သုံးစွဲတဲ့ အင်အားတွေ ပိုပြီးများပြားလာတာကို တွေ့ရတယ်။ ဘဏ်အကောင့်ရှိသူတိုင်းက သုံးတာကို မတွေ့ရသေးပါ ဘူး။ သုံးစွဲတဲ့သူတစ်စုကိုပဲ တွေ့ပါသေးတယ်။ များသော အားဖြင့် ကုမ္ပဏီလုပ်ငန်းတွေက လစာပေးတဲ့ ကိစ္စရပ် တွေမှာ သုံးကြပြီး နည်းပညာကျွမ်းကျင်တဲ့ ခေတ်ပညာ တတ် လူငယ်လူလတ်ပိုင်းတွေက ဘဏ်အချင်းချင်းစာရင်း လွှဲပြောင်းရာမှာ အသုံးများကြပါတယ်။

နောက်တစ်ခု ဘဏ်စာရင်းရှိစရာမလိုဘဲ သုံးလို့ရတဲ့ မိုဘိုင်းလ်ငွေကြေး သို့မဟုတ် မိုလ်ဘိုင်းပိုက်ဆံအိတ်လို့ လည်း ခေါ်ကြတယ်။ အခုနောက်ပိုင်း Mobile Pay ဆိုပြီး ဖြစ်လာကြတယ်။ ဒါတွေကို ဘဏ်စာရင်း ရှိစရာ မလိုဘဲနဲ့ အသုံးပြုလို့ရတယ်။ ဒီဟာတွေ အကုန်လုံးကို Telecom တွေ ဖွင့်ပြီးတဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ဝန်ဆောင်မှုတွေ ပေးလာကြတာတွေ ဖြစ်ပါတယ်။

အဓိက မိုဘိုင်းလ်ပိုက်ဆံအိတ်တွေဟာ ဘယ်လို လူမျိုးတွေ အသုံးပြုကြလဲဆိုတော့ ငွေလွှဲဝန်ဆောင်မှု လုပ်တဲ့ သူတွေပါ။ ဥပမာ ရန်ကုန်မှာ အလုပ်လာလုပ်တယ်၊ နယ်ကမိဘတွေကို ငွေလွှဲချင်ရင် ဘဏ်ကို သွားစရာမလို ဘဲနဲ့ သက်ဆိုင်ရာအေးဂျင့်ဆီကနေ ငွေလွှဲလိုက်မယ်၊ လက်ခံရရှိတဲ့ သူကလည်း ကုတ်နံပါတ်တစ်ခုကို ယူပြီး နီးစပ်ရာကိုယ်စားလှယ်ဆီမှာ ငွေသွားထုတ်တဲ့ စနစ်ဖြစ်ပါ တယ်။ Mobile Pay တွေကိုလည်း သုံးလာတဲ့သူတွေ က တော်တော်များလာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါတွေက ခုနက ပြောသလိုမျိုး Digital Payment လက်ရှိ အသုံးပြုနေတာတွေ ဖြစ်ပါတယ်။

အဓိက မိုဘိုင်းလ်ဝန်ဆောင်မှုတွေကို ဘဏ်တွေက လည်း ဆောင်ရွက်ပေးတာရှိသလို Telecom တွေက လည်း ဆောင်ရွက်ပေးတာ ရှိပါတယ်။ အဲဒါအပြင် ဘဏ် ရော၊ Telecom တွေရော မဟုတ်ဘဲနဲ့ အခြားသော ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ အဖွဲ့အစည်းတွေကလည်း ဝန်ဆောင်မှုတွေ ပေးနေကြတာ တွေ့ရပါတယ်။ ဒီ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေကို စတင်ခဲ့တာဆိုရင် ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်က စတင်ခဲ့ပါတယ်။

ဒါပေမယ့် သုံးစွဲသူက အဲဒီအချိန်တုန်းက အတော် အတန် နည်းပါသေးတယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ် နောက် ပိုင်းမှာ နည်းပညာတွေရဲ့ အားကောင်းလာမှု၊ Telecom တွေရဲ့ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာမှုတွေနဲ့ အတူ သုံးစွဲသူတွေဟာ ဒီဟာတွေကို သုံးစွဲ ခြင်းကြောင့် အကျိုးကျေးဇူးတွေကို သိရှိလာကြတယ်။ သုံးစွဲရ တာလည်း လွယ်ကူလျင်မြန်တာကို သိရှိလာတဲ့ အတွက်ကြောင့် တစ်နှစ်နဲ့ တစ်နှစ် ပိုပြီးများလာတာကို တွေ့ရ တယ်။ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍမှာ ပိုပြီးသုံးစွဲ လာကြတယ်။

ကိုဗစ်ရဲ့ ပထမလှိုင်းပြီးတဲ့အချိန်မှာ ဘာကိုသွားတွေ့ ရလဲဆိုတော့ အစိုးရလုပ်ငန်းတွေမှာပါ။ အထူးသဖြင့် မီတာဘေလ် ဆောင်တဲ့ လုပ်ငန်းပါ။ နဂိုက မီတာဘေလ် ဆောင်မယ်ဆိုရင် တချို့မြို့နယ်တွေက ဘဏ်တွေရဲ့ Inter- net Banking, Mobile Banking တွေနဲ့ သုံးလို့ရတယ်။ တချို့ မြို့နယ်တွေက မရဘူး၊၊ သက်ဆိုင်ရာကိုယ်စားလှယ် စီမှာသွားပြီး ငွေသားနဲ့ ပေးနေရတာတွေ ဖြစ်တယ်။

ဒါပေမယ့် ကိုဗစ်ပထမလှိုင်းပြီးတဲ့အချိန်မှာ ပြည်သူ လူထုက Digital Payment တွေနဲ့ ပေးရတာကို ပိုပြီး စိတ်အားထက်သန်လာတယ်။ အစိုးရလုပ်ငန်းတွေက လည်း သိသိသာသာကို ပြောင်းလဲလာတာကို တွေ့ရ တယ်။ မြို့နယ်တိုင်းက မီတာဘေလ်တွေအကုန်လုံးသည် ဘဏ်တွေရဲ့ Mobile Banking တွေ၊ Internet Banking တွေ သာမက အခု Mobile Pay တွေနဲ့ပါ ပေးလို့ရလာပြီး လွယ်ကူလျင်မြန်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

နောက်တစ်ခုကလည်း ၂၀၁၆ ခုနှစ်ကတည်းက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနဲ့ အခွန်ဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ Project တွေ ရှိတယ်။ အဲဒါက အခွန်ထမ်းပြည်သူတွေ၊ အခွန်ထမ်းကြီးတွေပါ အွန်လိုင်း ကနေပြီး အခွန်ပေးဆောင်လို့ရအောင် လုပ်ဆောင်ပေးခဲ့ပါ တယ်။ အခုကိုဗစ်ကာလမှာ အလယ်အလတ် အခွန် ထမ်း တွေအပြင် အခြားသောအခွန်၊ အခွန်ထမ်းကိစ္စတွေကို လည်း ပေးဆောင်နိုင်အောင် ဆက်လက် လုပ်ဆောင် နေကြပါပြီ။

ဒီလိုပဲ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနဆိုရင်လည်း ကုန်သွယ်ရေးဦးစီးဌာနက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ Myanmar Trade Net 2.0 ဆိုပြီး ပို့ကုန်/သွင်းကုန် လိုင်စင်တွေနဲ့ ပတ်သက်ပြီးတော့ အွန်လိုင်း ကနေ မှတ်ပုံတင်ရမယ်၊ အွန်လိုင်းကနေ လျှောက်ထား ရမယ်။ ငွေပေးချေမှုကိုလည်း အွန်လိုင်းကနေ ပေးချေဖို့ အတွက် ဆောင်ရွက်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

အစိုးရလုပ်ငန်းတွေက ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုမှာ တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက် ပါလာကြ တာ ဖြစ်ပါတယ်။ DICA မှာ ကုမ္ပဏီအသစ် မှတ်ပုံတင်တာတွေ၊ ကုမ္ပဏီသက်တမ်းတိုးတာတွေ အကုန်လုံးကို One Stop Service အွန်လိုင်းကနေ ဆောင်ရွက်ပေးသလို ငွေပေးချေမှုကိုလည်း ငွေပေးချေ ကတ်နဲ့ လက်ခံလာတာက တကယ့်အောင်မြင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဒါတွေကို ထင်ထင်ရှားရှား တွေ့ရှိ ခဲ့ရတာဖြစ်ပါတယ်။

အခုရန်ကုန်မြို့တော်မှာ စည်ပင်အခွန်အခတွေဆိုရင် Yangon City Pay နဲ့ ပေးလို့ရသလို အခြားသောဘဏ် တွေရဲ့ Pay တွေနဲ့ ပေးလို့ရအောင် ဆောင်ရွက်ထားတာ ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ မန္တလေး မြို့တော် မှာလည်း စည်ပင်သာယာရဲ့ အခွန်အခတွေ အကုန်လုံးကို Mandalay Smart Pay နဲ့ ပေးလို့ရသလို အခြား Pay တွေနဲ့ပေးလို့ရအောင် ဆောင်ရွက်ထားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ အခွန် အခတွေ ကို ပေးရတာလွယ်လာသလို ပေးချင်လာတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကိုဗစ်က ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ ဖြစ်သလို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးမှာလည်း အခွင့် အလမ်း ကောင်းတစ်ခုအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါ တယ်။ ပညာရေးကဏ္ဍကို ကြည့်မယ်ဆိုရင် တချို့ တက္ကသိုလ် တွေနဲ့ နည်းပညာကျောင်းတွေမှာ Digital Payment တွေကို ပေးဖို့၊ လက်ခံဖို့ ဆောင်ရွက်လာကြ ပါတယ်။ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍဆိုရင်တော့ အွန်လိုင်းကနေ စာတွေသင်ကြတယ်၊ အွန်လိုင်းကနေ ပေးချေမှုတွေကို ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ဆောင်မှုဆိုရင်လည်း အွန်လိုင်း ကနေ တိုင်ပင်ဆောင်ရွက်လို့ရပြီး အွန်လိုင်းကနေ ပေးချေ လာတာကိုလည်း တွေ့ရှိမှာဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ အခုကိုဗစ်ကာလမှာ ဆိုင်တွေဆိုရင် ဆိုင်ထိုင်စားမဟုတ် ဘဲ Delivery ပို့ကြတာဖြစ်တဲ့အတွက် အရင်က Cash နဲ့ ငွေလက်ခံဆောင်ရွက်တဲ့ စနစ်ကိုကျင့်သုံးပေမယ့်၊ အခု e-Commerce အွန်လိုင်းကနေ ငွေလက်ခံဆောင်ရွက် နေတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့်တွေ့ရမှာ ဖြစ်ပါ တယ်။ ကိုဗစ်ပထမလှိုင်းပြီး အခုဒုတိယလှိုင်းနောက်ပိုင်း မှာဆိုရင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဟာ တော်တော် ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

အစီအစဉ်မှူး ။ ။ ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးချေမှု ဟာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း မှုမှာ အဓိက အရေးပါ တဲ့ကဏ္ဍက ပါဝင်နေတယ်ဆိုတော့ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပြည်သူတွေ ကြားမှာပါ ဒီစနစ်ကို တွင်ကျယ် စွာအသုံးပြုနိုင်ဖို့ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ပေးဖို့ လိုအပ်ပါသလဲ။

ဦးရဲရင့်ဝင်း ။ ။ ဒစ်ဂျစ်တယ် Payment ဖွံ့ဖြိုးတိုးတက် ဖို့ လူပုဂ္ဂိုလ်အချင်းချင်း၊ အစိုးရလုပ်ငန်း နဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်း၊ လူပုဂ္ဂိုလ်ကနေ အစိုးရ၊ အစိုးရ ကနေ လူကိုပေးတဲ့လုပ်ငန်းတွေမှာ သုံးစွဲမှုကျယ်ပြန့် အောင် ဆောင်ရွက် လာနိုင်မယ်ဆိုရင် Digital Payment စနစ်တွေ ကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ လူတစ်ယောက်ချင်းစီရဲ့ ဘဏ်အသုံးပြုမှုကိုကြည့်မယ်ဆိုရင် အရွယ်ရောက်ပြီး သားတွေရဲ့ ၂၆ ရာခိုင်နှုန်းလောက်သာ ဘဏ်စာရင်းရှိ တယ်ဆိုတာတွေ့ရပြီး အခြားနိုင်ငံတွေနဲ့စာရင် နိမ့်ကျ နေတယ်လို့ ပြောလို့ ရပါတယ်။

ဒီအချက်က Digital Payment အသုံးပြုမှုကို အကန့် အသတ်အတားအဆီးဖြစ်နေတယ် ထင်ရပေမယ့် တစ်ဖက် က မိုဘိုင်းလ်သုံးစွဲမှုများလာတယ်၊ စမတ်ဖုန်းတွေ များများ သုံးလာတယ်၊ ဒါကြောင့် Mobile Wallet ကနေ ပိုက်ဆံ ပေးချေမှုတွေလည်း များပြားလာတာကို တွေ့ရပါတယ်။ ကိုဗစ်ကြောင့် အိမ်မှာနေရင်းနဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှု တွေ ဝယ်ယူလို့ရတဲ့အတွက် Digital Payment ကို အသုံးပြုတာ တွေ ပြည်သူတွေဘက်က တိုးတက် လာတာကို တွေ့ရပါတယ်။

ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့အရာတွေက အွန်လိုင်း ပေါ်ကိုရောက်လာတယ်။ တန်ဖိုးရှိတဲ့အရာတွေ အွန်လိုင်းပေါ် ရောက်လာတော့ တစ်ဖက်က ခိုးယူမယ့်သူတွေကလည်း အွန်လိုင်းဘက်ရောက်လာကြတယ်။ ဒီလိုကျူး လွန်တာတွေ တွေ့တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့လည်း ယုံကြည် မှုတွေ ကျဆင်းသွားနိုင်တဲ့ အခြေအနေ တွေ ရှိပါတယ်။

ဒါပေမယ့် လုံခြုံရေးကျိုးပေါက်တယ်ဆိုတာ စနစ်ကနေ ကျိုးပေါက်တာကနည်းပြီး သုံးစွဲတဲ့သူက ပိုက်ဆံ အိတ်ဆိုရင် သေသေချာချာထားရမယ်ဆိုတာ သဘောပေါက်ပေမယ့် Mobile Wallet ကို သေချာစောင့်ရှောက် ရမယ်ဆိုတာ သဘောမပေါက်တာမျိုးလည်း ရှိခဲ့ရင်၊ တစ်နည်းအားဖြင့် ကိုယ့်ရဲ့အိမ်သော့ကို သူများကို မပေးရဘူး ဆိုတာသိရှိပေမယ့် ကိုယ့်ရဲ့ Password ကို သူများကို မပေးရဘူး၊ သူများ မသိ အောင်ထားရမယ် ဆိုတာ ကိုမသိခဲ့ရင် လူက တစ်ဆင့်ဖြစ် တဲ့ လုံခြုံရေးကျိုးပေါက်တာတွေ ရှိပါတယ်။ လူမပါဘဲနဲ့ လုံခြုံရေး ကျိုးပေါက်ဖို့ ဆိုတာ ခက်ခဲတယ်ဆိုတာသိအောင် အင်တာနက်ကို အန္တရာယ်ကင်းကင်း အသုံးပြုနိုင်အောင်၊ အထူးသဖြင့် ကျေးလက်မှာရှိတဲ့လူတွေကို Digital Pay-ment အကြောင်း၊ အင်တာနက်အသုံးပြုမှု၊ ဆိုက်ဘာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေကို သူတို့ဆီကို ရောက်နိုင်တဲ့ မီဒီယာကနေတစ်ဆင့် ကြိမ်ဖန်များစွာ၊ မကြာ ခဏဖြန့်ဖြူးပြီး Digital Payment အသုံးပြုရတာ ယုံကြည် စိတ်ချရတယ်ဆိုတာကို စိတ်ထဲမှာ စွဲသွားအောင် တည်ဆောက်ပေးဖို့ လိုအပ်မယ်ထင်ပါတယ်။

နောက်တစ်ခုက အခြားတစ်ဖက်က ကြည့်မယ်ဆိုရင် လည်း စွမ်းရည်ပြည့်ဝလုံခြုံစိတ်ချ၊ လွယ်ကူလျင်မြန်ပြီး သက်သက်သာသာနဲ့ ငွေပေးချေမှုလုပ်နိုင်မယ့် Platform တစ်ခုလိုအပ်ပါလိမ့်မယ်။ ဥပမာ ငွေလက်ခံသူနဲ့ ငွေပေး ချေ သူက မတူညီတဲ့အဖွဲ့အစည်းကို ပေးမယ်ဆိုရင်တောင်မှ လွယ်ကူလျင်မြန်ပြီး စရိတ်သက်သက် သာသာနဲ့ လွှဲပို့ပေး နိုင်တဲ့အခြေအနေမျိုးရှိဖို့ လိုအပ်ပါတယ်။

တစ်နည်းအားဖြင့် စနစ်တစ်ခုနဲ့ တစ်ခုဟာ အသစ် တစ်ခုဖြစ်ဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ ဒီလိုစနစ်မျိုးကို အကောင် အထည်ဖော်ဖို့ လိုပါတယ်။ အဲဒီတော့ ငွေပေးချေမှု ခက်ခဲနေတဲ့ အချို့အချက်တွေက လူတစ်ဦးချင်းနဲ့ လုပ်ငန်း ငယ်တွေအတွက် Digital Payment ကို အသုံးပြုဖို့ အဟန့် အတားတစ်ခုဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒီအတွက် မြန်မာနိုင်ငံတော်ဘဏ်အနေနဲ့ အမျိုးသားငွေပေး ချေမှု မဟာဗျူဟာ ၂၀၂၀ - ၂၀၂၅ ကို ချမှတ်ဆောင်ရွက်နေ ကြောင်း ကြားသိရပါတယ်။

ဒါ့အပြင် ကျွန်တော့်အနေနဲ့ ပြောရရင် ခေတ်မီ ထွန်းသစ်စနည်းပညာ (ဥပမာ Block Chain) ကို အသုံးပြု ပြီး Digital Payment အတွက် အကျိုးရှိနိုင်တဲ့ အသုံးချပုံစံ အသစ်များ Use Cases ကို စဉ်းစားရှာဖွေအသုံးပြုနိုင်တဲ့ အခြေအနေမျိုး ဆောင်ရွက်နိုင်ဖို့လည်း လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါဆိုရင် ပိုမိုထိရောက်တဲ့ ငွေပေးချေမှု စနစ်တွေ လျင်လျင်မြန်မြန်နဲ့ ပေါ်ထွန်းလာလိမ့်မယ်လို့ ထင်ပါတယ်။

တစ်ဖက်က အစိုးရအနေနဲ့ Digital Payment တွေ တိုးတက်လာစေရေး မူဝါဒတွေချမှတ်သလို အစိုးရနဲ့ စီးပွားရေး လုပ်ငန်းအကြား၊ အစိုးရနဲ့ လူတစ်ဦးချင်းစီမှာရှိတဲ့ စီးပွားရေးလုပ်ဆောင်မှုနဲ့ ပေးချေမှုတွေကို အစိုးရ အနေနဲ့ ကိုယ်တိုင်ပဲ စံပြသဖွယ်အသုံးပြုတာမျိုးတွေလည်း လိုပါ လိမ့်မယ်။ ဒါကလည်း MERRP Plan ထဲမှာ ပါပြီးဖြစ်ပါတယ်။ ထိခိုက်လွယ်တဲ့ အိမ်ထောင်စုတွေကို ငွေပေးတာတွေ၊ အစိုးရ ဌာနတွေကို ငွေပေးချေမှုတွေကို အွန်လိုင်းက ပေးချေ ဆောင်ရွက်မယ်ဆိုတာလည်း ပါပြီးသားဖြစ်ပါတယ်။

နောက်တစ်ချက်က စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်း၊ အင်တာနက်ပေါ်မှာ ဆောင်ရွက်တဲ့လုပ်ငန်း တွေရဲ့ ငွေပေးချေမှုတွေ၊ စီးပွားရေးလုပ်ဆောင်ချက်တွေကို ပိုမိုပြီးချိတ်ဆက် Integrate ဆောင်ရွက်ဖို့ လိုပါ လိမ့်မယ်။ ဒါဆိုရင် ပိုမိုပြီးလွယ်ကူတဲ့ ငွေပေးချေမှုမျိုး ဖြစ်ပါလိမ့်မယ်။ ဥပမာ အွန်လိုင်းကနေ ပစ္စည်းမှာတဲ့ကိစ္စကို သီးသန့်လုပ်၊ ကုန်ပစ္စည်းရောက်လာမှ ငွေချေ သို့မဟုတ် ငွေကိုသီးသန့် လွှဲပို့မယ့်အစား ဝယ်ယူမှုကနေ ပေးချေမှု၊ ဖြန့်ဝေမှုတွေအထိ Integration ဖြစ်လာရင် ပိုမိုပြီးလွယ်ကူလာပြီး အသုံးပြုမှု တိုးတက်လာပါတယ်။

လျှပ်စစ်ဝန်ဆောင်မှုလုပ်ငန်း ငွေပေးချေတဲ့ကဏ္ဍမှာ အွန်လိုင်းကနေ ပေးချေမှုတွေ လုပ်လာကြတယ်။ တစ်ဆင့် တက်ပြီး ငွေပေးချေမှုစနစ်နဲ့ သူတို့ရဲ့ ငွေတောင်းခံမှုစနစ်ဟာ ချိတ်ဆက်လိုက်ပြီဆိုရင် အွန်လိုင်းကနေ လူတောင် ပါစရာ မလိုဘဲ တောင်းခံတဲ့အချိန်မှာ အလိုလိုပေးပြီးသား ဖြစ်သွား မယ်ဆိုရင် ပိုမိုပြီးထိရောက်တဲ့၊ တိုးတက် လာတဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒါကြောင့် အသုံးပြုမှုတိုးတက်ဖို့ဆိုရင် Digital Pay-ment တွေနဲ့ ဆက်နွှယ်သက်ဆိုင်တဲ့ အစိုးရ၊ စီးပွားရေး လုပ်ငန်း၊ လူတစ်ဦးချင်းစီရဲ့ အသုံးပြုမှု၊ ငွေကြေးလက်ခံမှု တွေက ဟန်ချက်ညီညီနဲ့ တိုးတက်လာဖို့ လိုအပ် တယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အစီအစဉ်မှူး ။ ။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ငွေပေး ချေမှုစနစ် ရှေ့ဆက်ပြီး ပိုမိုတိုးတက်ကောင်းမွန်သွားနိုင် တဲ့အခြေ အနေတွေနဲ့ ရှေ့ဆက်လက် ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်နဲ့ စီမံချက်တွေရှိရင်လည်း ဦးဇော်လင်းထွဋ် က ဆွေးနွေးပေးပါဦး။

ဦးဇော်လင်းထွဋ် ။ ။ ကျယ်ကျယ်ပြန့်ပြန့် သုံးဖို့၊ ပိုမို ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင်တော့ အစိုးရလုပ်ငန်းတွေကလည်း သူတို့ ကောက်ခံရမယ့် အခွန်အခပေးချေမှုအကုန်လုံးကို ဒစ်ဂျစ်တယ်နည်းနဲ့လက်ခံ ဆောင်ရွက်တာကို လုပ်လာ သလိုမျိုး ပြည်သူကလည်း ပိုမို သုံးစွဲလာဖို့ လိုအပ်တယ်။ ပိုမိုသုံးစွဲဖို့ဆိုရင် အသုံးပြုရ လွယ်ကူမှုရှိဖို့ လိုအပ်တယ်။ ဈေးနှုန်းသက်သာဖို့လည်း အဓိကလိုအပ်တာဖြစ်တယ်။

အသုံးပြုရလွယ်ကူဖို့ဆိုရင်လည်း ပေးချေမှုတစ်ခုနဲ့ တစ်ခုအကြားမှာ ခက်ခဲမှုမရှိရဘူး။ လွယ်ကူရမယ်၊ ရှင်းလင်း ရမှာ ဖြစ်ပါတယ်။ အရင်က ATM အလိုအလျောက် ငွေထုတ်စက်တွေမှာဆိုရင် ပြည်သူလူထုတွေက ATM ကတ် ကိုင်ပြီး ငွေသားတွေကို သွားထုတ်မယ်။ ငွေသားနဲ့ ပေးချေရမယ်ဆိုတာပဲ သိတယ်။ ဒါပေမယ့် ဒီဘက် နောက်ပိုင်း မှာတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဦးဆောင်မှု နဲ့ မတူညီတဲ့ဘဏ်အချင်းချင်းမှာ ဘဏ်အကောင့်စာရင်း ရှိသူ တွေဟာ ATM စက်တွေကိုသုံးပြီး စာရင်းလွှဲပြောင်းပေး လို့ ရလာတယ်။

ATM တွေမှာ ငွေသားထုတ်ယူရုံသာမက စာရင်း လွှဲပြောင်းတဲ့ ကိစ္စတွေကို ဆောင်ရွက်လာနိုင်တာ ဖြစ် တယ်။ ဒါက ပမာဏမများတဲ့ငွေတွေကို လွှဲပြောင်းဖို့ ဆောင်ရွက်ပေးထားတာဖြစ်တယ်။ ဒါ့အပြင် ဘဏ်တွေရဲ့ Internet Banking, Mobile Banking တွေကို အသုံးပြုပြီး ပမာဏများတဲ့ငွေတွေ၊ Faster Payment လို့ခေါ်တဲ့ လွယ်ကူမြန်ဆန်တဲ့ ငွေလွှဲတဲ့စနစ်တွေကိုလည်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ ငွေရေးကြေးရေးကွန်ရက်စနစ် ထဲမှာ အလိုအလျောက်စာရင်း လွှဲပြောင်းသည့်စနစ်နဲ့ ၂၄ နာရီ/ ၇ ရက် ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။

ဒီတော့ ဘဏ်စာရင်းရှိသူတွေဟာ ဘဏ်တွေရဲ့ Mobile Banking တွေ၊ Internet Banking တွေသုံးပြီး မတူညီ တဲ့ဘဏ်အချင်းချင်း စာရင်း လွှဲပြောင်း မှုတွေကိုလည်း ဆောင်ရွက်နိုင်အောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စီစဉ် ထားတာဖြစ်ပါတယ်။ အလားတူပဲ RTRP လို့ အတိုကောက် ခေါ်တဲ့ Real-time Retail Payment အချိန်နဲ့ တစ်ပြေးညီ လက်လီငွေပေးချေမှုစနစ်တွေကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင်ရွက် နေပါတယ်။ မကြာမီကာလမှာ RTRP စနစ်လည်း ပေါ်ပေါက်လာမယ်လို့ သိရပါတယ်။

ဒီလိုပဲ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ QR Code တွေနဲ့ ပေးချေမှုတွေ၊ Mobile Pay တွေ ၊ Mobile Wallet တွေရှိရုံနဲ့ QR Code ကို Scan ဖတ်ပြီး ပေးချေလို့ ရအောင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။ ဒါကို လောလောဆယ် MMQR လို့ သုံးနှုန်း ထားပါတယ်။ ဒီ MMQR လာပြီဆိုရင် မတူညီတဲ့ Pay တွေ အချင်းချင်း ပေးချေလွှဲပြောင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။ သုံးစွဲမှုတွေအတွက် စာရင်း ရှင်းလင်းဆောင်ရွက် မှုကို သီးခြားအဖွဲ့အစည်းက ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါကို နည်းပညာအခေါ်အရ Interoperability လို့ ခေါ်ပါ တယ်။

အဲဒီတော့ Customer တစ်ယောက်အနေနဲ့ဆိုရင် မိမိကြိုက်နှစ်သက်တဲ့ Mobile App တစ်ခု ကိုပဲ မိမိဖုန်းမှာ Download လုပ်ထားစရာလိုတော့တယ်။ အရင်လို App တွေ အများကြီး Download လုပ်ပြီးရှုပ်ထွေးနေတဲ့ စနစ် ကို မဖြစ်တော့ပါဘူး။ မတူညီတဲ့ App အချင်းချင်းကို လွှဲလို့ရမယ်၊ ပေးချေမှုတွေကိုလည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကတော့ MMQR ဆိုတဲ့ စနစ်ပေါ်လာတဲ့ အချိန်မှာ ဖြစ်ပါတယ်။

နောက်ပြီး ဆိုင်ပိုင်ရှင်တွေအနေနဲ့လည်း မတူညီတဲ့ Pay တွေကို လက်ခံဆောင်ရွက်ဖို့ Pay အသီးသီးမှာ စာရင်း တွေဖွင့်ပြီး ဆိုင်မှာ Pay အသီးသီးရဲ့ QR စတစ်ကာ တွေ အများကြီးကပ်ထားစရာ မလိုတော့ပါဘူး။ MMQR ဆိုတဲ့ Single QR ဆိုတဲ့ တစ်ခုကပ်ထားပြီး ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်တဲ့အတွက် ဘာကောင်းသွားသလဲဆိုတော့ ဆိုင်တွေအနေနဲ့ ငွေသား စီမံခန့်ခွဲမှုတွေကိုပိုမိုပြီး လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

အဲဒီတော့ ပိုမိုသုံးစွဲလာအောင်ဆိုရင် ရိုးရှင်းလွယ်ကူ တဲ့စနစ်ကို ဖန်တီးပေးရမယ်။ ဒါ့အပြင် ပြည်သူတွေ ပိုမို သုံးစွဲစေချင်တယ်ဆိုရင် မက်လုံးတွေကို အစိုးရအနေနဲ့ဆောင်ရွက်ပေးသင့်ပါတယ်။ ငွေသားနဲ့ပေးချေတယ်ဆိုရင် အခုကောက်နေတဲ့ ကုန်သွယ်ခွန် Commercial Tax ၅ ရာခိုင်နှုန်းအပြည့်အဝကောက်မယ်။ အကယ်၍ ဒစ်ဂျစ်တယ် နည်းနဲ့ ပေးချေတယ်၊ ဒစ်ဂျစ်တယ်နည်းနဲ့ လက်ခံတယ် ဆိုရင် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို လျှော့ပေါ့ ပေးမယ်။

ရာခိုင်နှုန်းအထိ လျှော့ပေးစရာမလိုပါဘူး။ အတိုင်းအတာတစ်ခုအထိ လျှော့ပေါ့ပေးမယ်ဆိုရင် သုံးစွဲ သူတွေဟာ ဒီလိုမက်လုံးတွေရှိတဲ့အတွက် ပိုမိုသုံးစွဲ လာမှာဖြစ်ပါတယ်။ အဲဒီလို ငွေသားအစား ဒစ်ဂျစ်တယ် သာ အကုန်လုံးပြောင်းလဲလာပြီ၊ သုံးလာပြီဆိုရင် အခု လက်ရှိ ဝယ်သူနဲ့ ရောင်းသူပိုက်ဆံချေပြီးတဲ့အခါ ထွက် လာတဲ့ ပြေစာစာရွက်တွေမှာ ရောင်းသူကအခွန်ပေးဆောင် ပြီးကြောင်း တံဆိပ်ခေါင်းတွေ ကပ်နေရတယ်။ အကယ်၍ သာ ဒစ်ဂျစ်တယ်နည်းနဲ့ ပေးဆောင်ကြမယ်ဆိုရင် ဒစ်ဂျစ် တယ်နည်းနဲ့ အခွန်တွေကိုလည်း ကောက်လို့ရ လာမယ်။ အဲဒီအတွက် အစိုးရအနေနဲ့ အခွန်ကပ်တဲ့ တံဆိပ်ခေါင်း ထုတ်ရမယ့်စရိတ်တွေကိုလည်း လျှော့ချလာ နိုင်မှာ ဖြစ်ပါ တယ်။

တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်လည်း ဆိုင်တွေ အနေနဲ့လည်း အခွန်တံဆိပ်ခေါင်းတွေကို ဆိုင်ရှင်တွေ ကြိုဝယ် ထားရတယ်။ အဲဒီအတွက် သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှု ဝန်ထုပ်ဝန်ပိုးတွေကိုလည်း အခြားနေရာမှာ ပိုပြီးရင်းနှီး မြှုပ်နှံရင် သူ့အတွက် လုပ်ငန်းစွမ်းဆောင်ရည်တွေကို ပိုတက်လာနိုင်တယ်။ အလားတူ သုံးစွဲသူတွေကလည်း အခွန်ပေး ရမယ်။ ကုန်သွယ်ခွန် ၁၃၀ ပေးရမယ်ဆိုရင် အခွန်တံဆိပ်ခေါင်းတန်ဖိုးက ၅၀ ၊ ၁၀၀ ၊ ၁၅၀ ၊ ၂၀၀ စသဖြင့်သာ ရှိတဲ့အတွက် ၁၃၀ ပေးရမယ်ဆိုရင် ဆိုင်ရှင် က ၁၅၀ တန်ကပ်လို့ သုံးစွဲသူက ၁၅၀ ပေးလိုက်ရတယ်။ ၂၀ ပိုပေးလိုက်ရတယ်။ ၁၂၀ ပေးရတယ် ဆိုရင်လည်း ဆိုင်က ၁၀၀ ပဲ ကပ်ပေးလိုက်တယ်။ အစိုးရက ၂၀ လျှော့လိုက်တယ်။ အဲဒီတော့ ဒီဂျစ်တယ်နည်းနဲ့ လိုတိုး ပိုလျှော့တွေလည်း မရှိတော့ဘူး။ အတိအကျ ရမယ်။

ဒစ်ဂျစ်တယ်နည်းနဲ့ပေးချေမှုတွေဟာ အစိုးရကဏ္ဍ ရော၊ လုပ်ငန်းရှင်တွေအတွက်ရော၊ သုံးစွဲသူတွေအတွက်ရော အားလုံးအကျိုးရှိမှာဖြစ်တယ်။ ဒီလိုမက်လုံး တွေ ပေးပြီးတော့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အဲဒါ အပြင် သုံးစွဲသူတွေက ဒစ်ဂျစ်တယ်နည်းတွေကို သုံးစွဲတဲ့ အတွက်ကြောင့် သူတို့ တွေမှာ လုံခြုံပါ့မလားဆိုတဲ့ စိုးရိမ် စိတ်တွေကိုလည်း အမြဲတမ်းတွေ့နေရတယ်။ ကြားနေရပါတယ်။ အမှန်တကယ်တော့ ဒီနည်းပညာတွေ အကုန် လုံးက နိုင်ငံတကာမှာလည်းသုံးနေပြီး ဒီနည်းပညာ ကို ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေကလည်း လုံခြုံ ရေးနဲ့ ပတ်သက်တာတွေကို အထပ်ထပ် ကာရံထားတယ်၊ စိစစ်ထားတာဖြစ်တဲ့အတွက် လုံခြုံစိတ်ချရမှု ရှိပါတယ်။

ကျွန်တော့်ရဲ့အတွေ့အကြုံအရပြောရမယ်ဆိုရင် ခုန ဆရာ ဦးရဲရင့်ဝင်း ပြောသလိုပါပဲ။ များသောအားဖြင့် အသုံးပြု သူ User ကနေ မိမိရဲ့လျှို့ဝှက်နံပါတ်ကို ပြောမိ တာတွေ၊ မိမိမသုံးတတ်လို့ သုံးတတ်တဲ့သူကို သင်ခိုင်းရင်း နဲ့ ဒီလျှို့ဝှက်နံပါတ်ကို ပြောမိတာတွေ ဒီလိုကိစ္စတွေ ကြောင့် ကျွန် တော်တို့က မလိုလားအပ်တဲ့ မှားယွင်းမှုတွေ၊ လိမ်လည်မှုတွေ၊ မသမာမှုတွေ တွေ့ရတယ်။ အဓိက ပြောချင်တာက သုံးစွဲသူ User တွေဟာ မိမိရဲ့လျှို့ဝှက် နံပါတ် ကို အခြားသူတစ်ယောက်ကို ပြောမိပြီ၊ အခြားသူ တစ်ယောက်သိသွားပြီဆိုရင် ဒီလျှို့ဝှက်နံပါတ်ကို ပြောင်း သုံးပါလို့ အကြံပေးချင်ပါတယ်။

အဲဒီလိုပဲ မိမိရဲ့ကတ် သို့မဟုတ်၊ မိုဘိုင်းလ်ဖုန်း သို့မဟုတ်၊ လက်တော့တွေပျောက်တယ်ဆိုရင် ချက်ချင်း လက်ငင်း ဘဏ်ကိုအကြောင်းကြားပါ။ ပြီးရင်သက်ဆိုင်ရာ ဘဏ်စာရင်းတွေ၊ Mobile Pay Account တွေကို ပိတ်ပါ။ ခြောက်လ တစ်ကြိမ် လျှို့ဝှက်ကုတ်နံပါတ်တွေကို ပြောင်းသုံးခြင်းဟာ ကောင်းမွန်တဲ့ အလေ့အထတစ်ခု ဖြစ်စေပါ တယ်။ ဒါလေးတွေကို လုပ်မယ်ဆိုရင် လုံခြုံ စိတ်ချရမှု အပြည့်အဝရှိမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ပေးချေမှုဟာ ၊ ငွေစက္ကူအစားထိုးလာတဲ့ ဒစ်ဂျစ်တယ်ငွေသားဟာ ရိုးရှင်းတယ်။ လုံခြုံစိတ်ချရ တယ်။ လွယ်ကူတယ်။ ဘဏ်တွေ၊ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေကိုသွားပြီး တန်းစီစရာမလိုဘူး။ အချိန်ကုန် သက်သာ ပါတယ်။ နောက်ပြီးတော့ ငွေစက္ကူကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါတွေ၊ အထူးသဖြင့် အခုလို ကိုဗစ် ကာလမှာ ကိုဗစ် ကပ်ရောဂါကို လူတွေကြောက်ကြတယ်။ တစ်ဦးနဲ့ တစ်ဦး ထိတွေ့မှုလျှော့ချနိုင်အောင် ဒစ်ဂျစ်တယ် ငွေပေးချေမှုတွေကို ပိုမိုသုံးစွဲဖို့ လိုအပ်ပါတယ်။

ဒီလို လုံခြုံရေးတွေကောင်းမွန်ပြီး စနစ်တကျ လုပ်ထားတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေကို သုံးခြင်း အားဖြင့် ကျွန်တော်တို့ပြည်သူတွေအတွက် စိတ်ချ လုံခြုံတဲ့ ဒစ်ဂျစ်တယ်ငွေသားကို သုံးစွဲတဲ့အတွက် ဆုံးရှုံးမှုတွေ ကိုလည်း ကာကွယ်ပေးပြီးသားဖြစ်ပါတယ်။ ဥပမာ - ပိုက်ဆံအိတ်ပျောက်သွားရင် ပြန်မရ နိုင်ပေမယ့် ဒစ်ဂျစ် တယ်ကတ် သို့မဟုတ် မိုဘိုင်းလ်ဖုန်း သို့မဟုတ် Wallet ထားတဲ့ ဖုန်းတစ်ခုခုပျောက်သွားခဲ့သည်ရှိသော် ဘဏ်ကို ချက်ချင်း အကြောင်း ကြားရင် မိမိငွေတွေကို အကုန် လုံးပြန်ရနိုင်ပါတယ်။

ဒါကြောင့် New Normal Life မှာ ဖြစ်ပေါ်လာနိုင်တဲ့ ဒစ်ဂျစ်တယ်စီးပွားရေးအခွင့်အလမ်းတွေနဲ့ ဒစ်ဂျစ်တယ် အသွင် ကူးပြောင်းရေး ကာလတွေမှာ ပြည်သူတွေဟာ ယုံယုံကြည်ကြည်၊ ရဲရဲဝံ့ဝံ့နဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို သုံးစွဲကြပါ၊ လေ့လာသင်ယူပေးကြပါလို့ ကျွန်တော် က တော့ အထူး တိုက်တွန်းလိုပါတယ် ။ ။

ထက်လျှံ