ရန်ကုန် ဇူလိုင် ၁၉
၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ဆွမ်းဆက်ကပ်ခြင်း၊ အလှူဒါနပြု အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာ လင်္ကာရာ ဘိဝံသ ရွှေဘိုဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြသည့် မေတ္တသုတ်အစချီသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တစန္ဒဝံသာ လင်္ကာရာဘိဝံသ ရွှေဘိုဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားပြီးဆုံးချိန်တွင် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
