နိုင်ငံတစ်နိုင်ငံ၏ဝင်ငွေတိုးတက်ရေးတွင် ခရီးသွားလုပ်ငန်းသည် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေအများဆုံးရရှိနေသည့်နိုင်ငံများက ဖော်ဆောင်နေသည်။ မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံငါးနိုင်ငံတွင် ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ခရီးသွားလုပ်ငန်းမှ ဝင်ငွေအများဆုံးရရှိနေသည့် နိုင်ငံများဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများက ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သည့်စီးပွားရေးလုပ်ငန်းဟု တင်စားခေါ်ဆိုကြသည်။ ခရီးသွားလုပ်ငန်းကိုအကြောင်းပြု၍ ကဏ္ဍပေါင်းစုံမှ ဝင်ငွေများအဆက်မပြတ်ရရှိပြီး နိုင်ငံ့စီးပွားရေး၊ လူမှုစီးပွားဘဝ အစဉ်ပြေချောမွေ့လျက်ရှိသည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ဒေသတွင်း၌ အချက်အချာကျသည့် နေရာတွင်တည်ရှိပြီး ခရီးသွားလုပ်ငန်းအတွက် စိတ်ဝင်စားဖွယ်ကောင်းသည့် ထူးခြားသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအလှအပများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများ၊ ပင်လယ်ကမ်းခြေနှင့်ကမ်းရိုးတန်းဒေသများ၊ မတူကွဲပြားသည့်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ စသည့်ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်စေသည့် ခရီးသွားအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည်။
ယခုအခါ ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည့် ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွန်းနေပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ထိရောက်စွာအကောင်အထည်ဖော်လျက်ရှိရာ အချို့ဒေသများမှလွဲ၍ ဒေသအများစုတည်ငြိမ်အေးချမ်းနေပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့်အဖွဲ့အစည်းများနှင့်လုပ်ငန်းများက တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဖြစ်ထွန်းနေသည့် ခရီးသွားအရင်းအမြစ်များအပေါ်မူတည်၍ လက်တွေ့အကောင်အထည်ဖော်နိုင် မည့်အစီအစဉ်များ စတင်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ခရီးစဉ်ဒေသအလိုက် စီမံခန့်ခွဲရေးအဖွဲ့များ ခိုင်ခိုင်မာမာ ဖွဲ့စည်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည့်ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ကတိုက်တွန်းထားသည်။ ခရီးသွားလုပ်ငန်းတွင် အရေးပါသည့် လေကြောင်းသယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရန်အတွက် ခရီးစဉ်ဒေသအချို့ကို လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲပေးနိုင်ရေးနှင့် လေယာဉ်ကွင်းများအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်လည်ပတ်ကြသည့်အခါတွင် လွယ်ကူချောမွေ့စေရေး ဖြေလျှော့ပေးနိုင်ရန်အတွက် ဗီဇာကိစ္စဖြေလျှော့ပေးရေး၊ လုံခြုံစိတ်ချစွာခရီးသွားလာရေး၊ အာမခံဝယ်ယူရေးနှင့် ငွေကြေးသုံးစွဲမှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ခရီးစဉ်ဒေသများအလိုက် ခရီးသွားထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ပြသနိုင်သည့်နေရာများ၊ ထင်ရှားသည့် ၁၂ လရာသီပွဲတော်များ၊ တိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ပွဲများ၊ ခရီးသွားများစိတ်ဝင်စားမှုရှိသည့် ခရီးစဉ်များကို စနစ်တကျဖော်ထုတ်သွားရန်လိုသည်။ ထို့ပြင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်မြှင့်တင်ရေး၊ ဝန်ဆောင်မှုအဆင့်အတန်း မြင့်မားတိုးတက်စေရေးတို့ကို သတ်မှတ်ဖော်ဆောင်သွားရန်လိုသည်။
ပုဂ္ဂလိကခရီးသွားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံအား ဒေသတွင်းနိုင်ငံ များနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ခရီးစဉ်ဒေသများဖြစ်ပေါ်လာစေရေးအတွက် ထိရောက်သည့် ဈေးကွက်ရှာဖွေမြှင့်တင်ခြင်းကို စနစ်တကျဆောင်ရွက်သွားရန်လိုသည်။ နိုင်ငံတကာခရီးသွားများအကြား မြန်မာနိုင်ငံ၏ပကတိအခြေအနေမှန်ကို ပိုမိုသိရှိလာစေရေး ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များနှင့် ခရီးသွားလုပ်ငန်းရှင်များအားလုံး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မကြာမီကာလတွင် ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် ခရီးသွားအရင်းအမြစ်များကို ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့ဝင်ငွေတိုးတက်ရေးအတ္ပက် ခရီးသွားလုပ်ငန်းသည် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်ရာ မြန်မာနိုင်ငံတွင် ပိုင်ဆိုင်ထားသည့် ခရီးသွားအရင်းအမြစ် များကို ထိရောက်စွာအသုံးချပြီး မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်းဖြစ်သည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေးကို ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ကာ ကဏ္ဍပေါင်းစုံမှ ဝင်ငွေများအဆက်မပြတ်ရရှိပြီး နိုင်ငံ့စီးပွားရေးနှင့်လူမှုစီးပွားဘဝများ အစဉ်ပြေချောမွေ့လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
