“ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့” ဟူသည့် ခေါင်းစဉ်နှင့်ဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်ကကျင်းပရာ အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ဝါစိုက်ပျိုးမှု များပြားရာဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၏မြို့တော် မကွေးမြို့တွင်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် ဝါစိုက်တောင်သူများ၊ ဝါမျိုးစေ့ထုတ်လုပ်သူများ၊ ဝါစေ့ဆီထုတ်လုပ်သူများ၊ ဝါဂွမ်းထုတ်လုပ်သူများ၊ ချည်ထုတ်လုပ်သူများ၊ ရက်ကန်းလုပ်ငန်းများ၊ ဂျင်ခုံလုပ်ငန်းများ စသည်ဖြင့် ဝါလုပ်ငန်းဆိုင်ရာ အစုအဖွဲ့အလိုက် တောင်သူများနှင့် လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများမှ ရလဒ်များအဖြစ် ဝါမျိုးစေ့ထုတ်လုပ်ခြင်း၊ ဝါစိုက်ပျိုးခြင်း၊ ဝါစေ့ဆီထုတ်လုပ်ခြင်း၊ ဝါဂွမ်း၊ ချည်မျှင်နှင့် အထည်အလိပ်ထုတ်လုပ်ခြင်း စသည်ဖြင့် ကွင်းဆက် တစ်ခုလုံးတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များ ထွက်ပေါ်လာခဲ့သည်။ ဝါလုပ်ငန်းတစ်ခုလုံးတွင် နိုင်ငံတော်၊ တောင်သူနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုမှု၊ ဝါမျိုးကောင်းမျိုးသန့်၊ အတိုးနှုန်းသက်သာသည့် ချေးငွေတို့ လိုအပ်မှု၊ မြေသြဇာ၊ စက်သုံးဆီ၊ စက်ငှားခ စသည့်သွင်းအားစုများအတွက် သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေးစေလိုမှု၊ စိုက်ပျိုးရေလိုအပ်မှု၊ ဝါဈေးနှုန်းကို အခြေခံရည်ညွှန်းစျေးနှုန်း သတ်မှတ်ပေးစေလိုမှု၊ ပြည်တွင်း၌မထုတ်လုပ်နိုင်သည့် စက်အရန်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့်ရရှိလိုမှု၊ နည်းပညာမြင့်ခေတ်မီချည်မျှင်စက်များ တင်သွင်းခွင့်ပြုစေလိုမှု၊ ချည်မျှင်ထုတ်လုပ်ခြင်း နည်းပညာများရရှိလိုမှု၊ ပိတ်လိပ်များ၊ ဓာတ်ဆေး၊ ဆိုးဆေးကုန်ကြမ်းများ၊ ဆေးဆိုးပြီးပိတ်များလိုအပ်မှု၊ ပြည်ပဈေးကွက်လိုအပ်မှု၊ တည်ငြိမ်လျှပ်စစ် ဓာတ်အား ၂၄ နာရီ လိုအပ်မှု၊ ဒေသတွင်း ချည်မျှင်ထုတ်လုပ်သည့်စက် (Spinning mill) တည်ထောင်လိုမှု စသည်တို့ ဆွေးနွေးတင်ပြခဲ့ကြသည်ဟု သိရသည်။
ယခုအခါ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ “ဝမ်းမြောက်ဖွယ် သတင်းကောင်း” ဟူသော သတင်းထုတ်ပြန်ချက်များအရ ပြည်တွင်းမှထွက်ရှိသည့်ဝါများအား တစ်ပိုင်တစ်နိုင်ကြိတ်ခွဲနိုင်ရန်နှင့် တောင်သူများအနေဖြင့် စိုက်ပျိုးထွက်ရှိသည့်ဝါများကို တစ်ပိုင်တစ်နိုင် ကြိတ်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်တွင်းမှထုတ်လုပ်ထားသည့် ဝါကြိတ်စက် (ဂျင်ခုံ) များကို အထူးချေးငွေ အစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။
ဆီစက်လုပ်ငန်းရှင်များအတွက်လည်း ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်နိုင်ရန်နှင့် လိုအပ်သောစက်ပစ္စည်းများ ဖြည့်ဆည်းနိုင်ရန် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)/တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများသို့ ပေးပို့လျှောက်ထားနိုင်ပြီဖြစ်သည်။
ထို့အပြင် ဝါလုပ်ငန်းရှင်များအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSME) ရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါစေ့ဆီထုတ်စက်များ၊ ချည်မျှင်ထုတ်လုပ်မည့်စက်များ တည်ထောင်ရန်နှင့် တိုးချဲ့တပ်ဆင်နိုင်ရန် ချေးငွေများလျှောက်ထားနိုင်ပြီဖြစ်ပြီး ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)/တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီရုံးများသို့ ပေးပို့လျှောက်ထားနိုင်ကြပြီဖြစ်သည်။
ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များအနေဖြင့်လည်း ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် အမှန်တကယ်လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများ တင်သွင်းခွင့် ရရှိရေးအတွက် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)/တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ထောက်ခံချက်များကို လာရောက်လျှောက်ထားနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
ပြည်တွင်း ဝါစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးမြင့်လာစေရေး၊ ဝါစိုက်ပျိုးထုတ်လုပ်သည်မှ အထည်အလိပ်ထုတ်လုပ်သည်အထိ ကွင်းဆက် တစ်လျှောက် အဆင့်ဆင့်တိုးတက်စေရေးတို့ကိုရည်ရွယ်သည့် ဆွေးနွေးပွဲကျင်းပပြီး ထွက်ပေါ်လာသည့်ရလဒ်များအရ ဖြည့်ဆည်းရန်လိုအပ်သည်များကို နိုင်ငံတော်က ဖြည့်ဆည်းပေးလျက်ရှိပြီဖြစ်သည်။ အထူးချေးငွေနှင့် ချေးငွေအစီအစဉ်များ၊ စက်အရန်ပစ္စည်းနှင့် စက်ကိရိယာများ တင်သွင်းခွင့်ရရှိရေးအစီအစဉ်များက ဝါလုပ်ငန်းစက်မှုနှင့် MSME စက်မှုလုပ်ငန်းများအတွက် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်လာမည်ဖြစ်သည်။ နိုင်ငံတော်ကဖော်ဆောင်ပေးလိုက်သည့် အခွင့်အလမ်းများကိုရယူကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်နိုင်ပါစေကြောင်း။ ။
