နေပြည်တော် ဒီဇင်ဘာ ၂
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ စာတမ်းဖတ်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် နိုင်ငံတစ်ဝန်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခရိုင် ဦးစီးမှူးများက Zoom Application ဖြင့် ပါဝင် တက်ရောက်ကြသည်။
ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိမိတို့ ဝန်ကြီးဌာနသည် မီဒီယာ အလုပ်များနှင့် စာအုပ်စာပေလုပ်ငန်းများကို လုပ်ကိုင်ရသည့်ဌာန ဖြစ်သည့်အတွက် အခြား သူများရေးသားသည့် စာအုပ်များကို ဖတ်ရှုခြင်း သို့မဟုတ် သူများရေးသားသည့် စာအုပ် စာတမ်းကို လက်ခံဆွေးနွေး နားထောင်မှတ်သားရုံဖြင့် မပြီးသင့်ပါကြောင်း၊ ကိုယ်တိုင် ရေးသားပြုစုသည့်အလုပ်ကို လုပ်သင့်ပြီး လုပ်မည်ဆိုသည့် ရည်မှန်းချက်မျိုးလည်း ထားသင့် ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် တစ်ဦးချင်း အနေဖြင့်လည်း ဘဝတွင် တိုးတက် အောင်မြင်မှုရနိုင်သကဲ့သို့ ဌာနအတွက်လည်း အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့်ဌာနအဖြစ် ဂုဏ်သိက္ခာ တိုးတက်လာ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
စာတမ်းဖတ်ပွဲတွင် သဘာပတိအဖြစ် မြန်မာရေးရာလေ့လာရေးအဖွဲ့မှ သုတေသီ ဉီးအေးမောင်ကျော်နှင့် ဉီးရဲမြင့်ကျော်တို့က ဆောင်ရွက်ကြသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ၁၉၂၀ မြန်မာ နိုင်ငံ လူမှုစီးပွားရေး အခြေအနေစာတမ်းကို လည်းကောင်း၊ စာတည်း ဒေါ်သင်းသင်းဦးက ၁၉၂၀ မြန်မာ့နိုင်ငံရေး အခြေအနေ စာတမ်းကိုလည်းကောင်း ဖတ်ကြားကြသည်။
ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ၁၉၂၀ မြန်မာနိုင်ငံ လူမှုစီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ဝိုင်အမ်ဘီအေနှင့် ဂျီစီဘီအေအကြောင်း၊ ဖိနပ်ပြဿနာ၊ ရန်ကုန်တက္ကသိုလ် အက်ဉပဒေကို သပိတ်မှောက်ခြင်း၊ အမျိုးသားကျောင်းများ၏ အစ၊ ထိုကာလ၏ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ မွေးမြူရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုလုပ်ငန်း၊ သစ်တော၊ သတ္ထူနှင့် တွင်းထွက်၊ စွမ်းအင်အခြေအနေများ၊ မြန်မာ့အနုပညာ၊ မြန်မာ့ရုပ်ရှင်သမိုင်းအစ၊ ထိုကာလ၏ အတွေးအခေါ် စသည် တို့ကို ဖတ်ကြားတင်ပြသည်။
စာတည်းဒေါ်သင်းသင်းဉီးက ၁၉၂၀ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ကိုလိုနီခေတ် အစောပိုင်းကာလ မြန်မာ့နိုင်ငံရေး အခြေအနေ၊ ကမ္ဘာ့နိုင်ငံများ အခြေအနေ ပြောင်းလဲလာမှု၊ သံဃာတော်များနှင့် မြန်မာ့နိုင်ငံရေး၊ ၁၉၂၀ မြန်မာ့နိုင်ငံရေး အခြေအနေကို ဖော်ပြသော ပထမကျောင်းသားသပိတ်၊ မျိုးချစ်စိတ်ဓာတ်နှိုးဆွနိုင်ခဲ့ခြင်း စသည်တို့ကို ဖတ်ကြားတင်ပြ သည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ စာတမ်းရှင်များက ပြန်လည် ဖြေကြားကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့စာတမ်းဖတ်ပွဲနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က စာတမ်းများအပေါ် သုံးသပ်အကြံပြု ဆွေးနွေးမှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
၁၉၂၀ မှ ၂၀၂၀ ပြည့်နှစ်အထိ ဖြတ်သန်းခဲ့သည့် နှစ် ၁၀၀ ကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍများနှင့်သက်ဆိုင်သည့် ခေါင်းစဉ်ခုနှစ်ခုကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အရာထမ်းခုနှစ်ဦးက စာတမ်း များပြုစု၍ ဖတ်ကြားကြမည်ဖြစ်သည်။
ယနေ့တွင် ခေါင်းစဉ်နှစ်ခုဖတ်ကြား၍ ဒီဇင်ဘာ ၇ ရက်တွင် ၁၉၂၀ မြန်မာနိုင်ငံ၏ အသိပညာ အတတ်ပညာ ဖွံ့ဖြိုးမှုအခြေအနေ၊ ၁၉၂၀ ကျောင်းသားသပိတ် ဖြစ်ပွားရခြင်းအကြောင်းရင်းနှင့် မြန်မာစာပေ နှစ် ၁၀၀ ခရီး ခေါင်းစဉ်တို့ကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ၁၉၂၀ မြန်မာနိုင်ငံ၏ စာနယ်ဇင်းလောကနှင့် ၁၉၂၀ မြန်မာနှင့် ကမ္ဘာဆက်ဆံရေး ခေါင်းစဉ်တို့ကို လည်းကောင်း ဖတ်ကြားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်