Skip to main content

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်‌ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်‌ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဗွီဒီယို ကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊  အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမျိုးသားရေး စိတ်ဓာတ်သည် သူ့ကျွန်ဘဝကျရောက်ကာ နိုင်ငံ မလွတ်လပ်သည့် ကာလမျိုးတွင် အင်မတန်မှ တန်ဖိုးရှိ ပါကြောင်း၊ သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် စုစည်းညီညွတ်စွာ လှုပ်ရှား ရုန်းကန်ရန်အတွက် အဓိကအခြေခံအင်အားဖြစ်ပြီး ရှိသင့်ရှိထိုက်သည့် စိတ်ထားဖြစ်ပါကြောင်း၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် လည်း မိမိတို့ရရှိထားသည့် လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းရန် အမျိုးသားရေးစိတ်ဓာတ်များ ရှိရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာတွင်လည်း နိုင်ငံများသည် အမျိုးသားနိုင်ငံများအဖြစ် ရပ်တည်ကြပါကြောင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ်နိုင်ငံသားဆိုသည့် အခြေခံ စိတ်ဓာတ် ရှိကြပါကြောင်း။

သို့သော် အမျိုးသားရေးစိတ်ဓာတ်သည် အသေးစိတ်ပြီး ကျဉ်းမြောင်းသွားပါက အစွန်းရောက် သွားတတ်ပါကြောင်း၊ ထိုသို့ အစွန်းရောက်သွားပါက မသင့်တော်သည့် အလုပ်အကိုင်၊ အပြူအမူ၊ အကျင့်အကြံများ ရှိလာနိုင်ပါကြောင်း၊ မိမိနှင့် မတူညီသည့် နိုင်ငံများအပေါ် အာဃာတ ထားတတ်ကြပါကြောင်း၊ မယုံကြည်သည့် စိတ်မျိုး သို့မဟုတ် စိုးရိမ်ပူပန်မှုမျိုး ရှိလာတတ် ပါကြောင်း၊ ဤသည်မှာ ကောင်းမွန်သည့် အနေအထား မဟုတ်ပါကြောင်း။

သို့သော် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍအစုံစုံ တွင် ရှေ့တန်းရောက်အောင် ကြိုးပမ်းလိုသည့်စိတ်ဓာတ်မှာ သင့်မြတ်သော အမျိုးသားရေး စိတ်ဓာတ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားရေးစိတ်ဓာတ်သည် ဆက်လက်တည်ရှိနေရ မည်ဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်များ ကိန်းအောင်းရှင်သန်ရန်အတွက် အမျိုးသား အောင်ပွဲနေ့များကို ကျင်းပခြင်းဖြစ်သည်ဟု မြင်မိပါကြောင်း။

အမျိုးသားအောင်ပွဲနေ့၏ ထူးခြားချက်တစ်ရပ်မှာ ပညာရေးနှင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း၊ ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့သည့်နေ့ကို ရွေးချယ် ထားခြင်းဖြစ်ပြီး တက္ကသိုလ် ကျောင်းသားများ သပိတ် မှောက်ပြီးနောက် အမျိုးသားကျောင်းများ ပေါ်ပေါက်လာပါကြောင်း၊ အမျိုးသားကျောင်းများနှင့်အတူ နိုင်ငံကို မိမိတို့ကိုယ်တိုင် ဖန်တီး နိုင်သည့် အမျိုးသားပညာရေးစနစ် တည်ဆောက်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာပါကြောင်း။

ယခုနှစ် အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များမှာလည်း ကျောင်းနေအရွယ် လူငယ် အားလုံး အခြေခံပညာသင်ယူခွင့်ရရှိရေး၊ လူမှုစီးပွားရေးအတွက် လက်တွေ့ကျ အကျိုးပြုသည့် ဘာသာရပ်များ၊ တစ်သက်တာသင်ယူမှု အခွင့်အလမ်းရရှိရေး၊ ပြည်ထောင်စု ကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသားဒေသများ၌ ပညာရေးတွင် ပိုမိုပံ့ပိုးရင်းနှီးမြှုပ်နှံရေး၊ ပညာရေးဖွံ့ဖြိုးမှု အတွက် နည်းပညာနှင့် အခြေခံအဆောက်အဉီများ ဖြည့်ဆည်းရေး၊ တိုင်းရင်း သားအားလုံး၏ စုပေါင်းအင်အားဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ပါကြောင်း။

ထို့အပြင် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်မှာ “ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက် လို့ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်စို့ ဟူ၍ ဖြစ်ပါကြောင်း၊ ထိုအရာများသည် ကျယ်ပြန့်သော အမျိုးသားရေး စိတ်ဓာတ်များအပေါ်တွင် အခြေခံထားသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကြောင့် ယခင်မူလက တည်ရှိခဲ့သည့် အမျိုးသားရေး ရည်မှန်းချက်များကို ယနေ့တွင် ဆက်လက်ဆောင်ရွက်နေပြီး အထူးသဖြင့် ပညာရေးတွင် ဗဟိုပြုဆောင်ရွက်နေသည်ကို တင်ပြလိုခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် နှစ်စဉ်အမျိုးသားအောင်ပွဲနေ့ကျင်းပတိုင်း အစဉ်တစိုက် ကြိုးပမ်းပါဝင် လျက်ရှိပြီး ယခုနှစ် ရာပြည့်အခါသမယတွင်လည်း လူစုလူဝေးဖြင့် စည်ကားသိုက်မြိုက်စွာ မဆောင်ရွက်နိုင်သော်လည်း တတ်နိုင် သမျှ အထင်ရှားဆုံးဖြစ်စေရန် ပါဝင်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ နိုဝင်ဘာ ၂၄ ရက်တွင် ရန်ကုန်၌ မြို့မကျောင်းသားဟောင်းများအဖွဲ့၊ ကျောင်းသား သမဂ္ဂအချို့နှင့် ဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးမှုများမှ ရလဒ်များ လည်း ထွက်ပေါ်ခဲ့ပါကြောင်း၊ ယခုနှစ် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို မည်သို့ ဆောင်ရွက်မည်ဆိုသည် ကို ယနေ့အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် လိုက်ပါဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လာမည့် ဒီဇင်ဘာ ၉ ရက်သည် နှစ် (၁၀၀) ပြည့်၊ ရာပြည့်အမျိုးသား အောင်ပွဲနေ့ဖြစ်ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့သည် ရန်ကုန်တက္ကသိုလ်အက်ဉပဒေ အတည်ပြုလိုက်သည့်အတွက် ဖြစ်ပေါ် လာခြင်းဖြစ်ပြီး ရန်ကုန် တက္ကသိုလ်နှင့်အတူ အမျိုးသားအောင်ပွဲနေ့သည် စတင်ပေါက်ဖွားလာခြင်း ဖြစ်ပါကြောင်း၊ ထိုသမိုင်း လက်ဆင့်ကမ်းအမွေအရ ရန်ကုန်တက္ကသိုလ်၏ ရာပြည့် အခမ်းအနားနှင့်အတူ ရာပြည့်အမျိုးသားအောင်ပွဲနေ့ကို ကျင်းပရ မည်ဖြစ်ပါကြောင်း။

သို့သော် နှစ်စဉ်ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာကွယ် ထိန်းချုပ် တားဆီးနေရသည့်အတွက် လက်တွေ့မြေပြင်တွင် ကျင်းပရန် ခက်ခဲပါကြောင်း။

ယခုနှစ် အမျိုးသားအောင်ပွဲနေ့ ကျင်းပရန်အတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်း ၃ ခုကို လျာထားပါကြောင်း၊ ယနေ့ အစည်း အဝေး ညှိနှိုင်းဆုံးဖြတ်သည့်အတိုင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်းက နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက နှစ် (၁၀၀) ပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်စာအုပ်ထွက်ရှိရေးနှင့် ပတ်သက်၍ လည်းကောင်း၊  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က နှစ် (၁၀၀)  ပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဆောင်ရွက် ထုတ်လွှင့်ရန်  လျာထားမှုများနှင့် တာဝန်ရှိသူများက အမျိုးသားအောင်ပွဲနေ့တွင် ပါဝင်ဆောင်ရွက်သွားမည့် ကဏ္ဍအလိုက်ကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ သည်။

(သတင်းစဉ်)