မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် အဓိကစားသုံး သီးနှံ၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ နှစ်ရှည်သီးနှံ စသည်ဖြင့် အမယ်စုံစိုက်ပျိုးလျက်ရှိပြီး ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရာတွင် အများအားဖြင့် ကုန်ကြမ်းအဖြစ်သာ တင်ပို့ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မိမိတို့နိုင်ငံကို စိုက်ပျိုးရေးအခြေခံ စက်မှုနိုင်ငံအဖြစ် တစ်ဆင့်တက်ဆောင်ရွက်ရာတွင် စိုက်ပျိုးသီးနှံများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် လိုအပ်သလို စိုက်ပျိုးထုတ်ကုန်များကို ကုန်ကြမ်းအဖြစ် အသုံးပြုထုတ်လုပ်နိုင်သော စက်မှုလုပ်ငန်းများလည်း တည်ထောင်လုပ်ကိုင်သွားရမည်ဖြစ်သည်။
ဝါသည် စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံတွင် မိရိုးဖလာအရ ရှေးကတည်းကပင် စိုက်ပျိုးခဲ့သည့် အစဉ်အလာရှိခဲ့သည်။ ထွက်ရှိလာသည့်ဝါများကို ပြည်တွင်းအဝတ်အထည်၊ အသုံးအဆောင်ချည်ထည်အမျိုးမျိုး ရက်လုပ်ရာတွင် သုံးစွဲသကဲ့သို့ ပြည်ပသို့ ရောင်းချခဲ့သည်ကိုလည်း တွေ့ရသည်။ မျက်မှောက်ကာလတွင် အထည်အလိပ်နှင့် အဝတ်အထည်လုပ်ငန်းများမှာ နည်းပညာမြင့်မားလာပြီး ချည်မျှင်ကိုလည်း ဝါမှသာမက ဓာတုချည်မျှင်များ၊ ဝါး၊ ငှက်ပျော စသည်တို့မှ ထုတ်လုပ်သည့်ချည်မျှင်များ၊ ရောနှောထားသည့် ချည်မျှင်များ စသည်ဖြင့် တီထွင်သုံးစွဲလာကြသည်။ ဝါမှထုတ်လုပ်သည့် ချည်ထည်အမျိုးမျိုးတို့မှာ သဘာဝချည်မျှင်မှ ထုတ်လုပ်ခြင်းဖြစ်၍ သီးသန့်ဈေးကွက်တစ်ခုအနေဖြင့် တန်ဖိုးထားလာကြသော်လည်း အရည်အသွေးနှင့် ဆွဲဆောင်မှုတို့တွင် အခြားနည်းလမ်းများဖြင့် ထုတ်လုပ်ထားသည့် အထည်အလိပ်များနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်လာသည်။
ယခုအခါ နိုင်ငံတော်က စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှု Agro-based industries ကို ဆောင်ရွက်လျက်ရှိရာ စက်မှုကုန်ကြမ်း သီးနှံတစ်ခုဖြစ်သည့် ဝါသည်လည်း အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ ပြည်တွင်းဝါစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးမြင့်လာစေရန်၊ ဝါစိုက်ပျိုးထုတ်လုပ်သည်မှ အထည်အလိပ်ထုတ်လုပ်သည်အထိ ကွင်းဆက်တစ်လျှောက် အဆင့်ဆင့်တိုးတက်စေရန် ရည်ရွယ်၍ “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲကို မကွေးမြို့တွင်ကျင်းပရာ ဝါစိုက်တောင်သူအစုအဖွဲ့၊ ဝါမျိုးစေ့ထုတ်လုပ်သူအစုအဖွဲ့၊ ဝါစေ့ဆီထုတ်လုပ်သူအစုအဖွဲ့၊ ဝါဂွမ်းထုတ်လုပ်သူအစုအဖွဲ့၊ ချည်ထုတ်လုပ်သူအစုအဖွဲ့၊ ရက်ကန်းလုပ်ငန်းအစုအဖွဲ့! ဂျင်ခုံလုပ်ငန်းဆောင်ရွက်သူအစုအဖွဲ့တို့အပါအဝင် ဝါလုပ်ငန်းဆိုင်ရာ အစုအဖွဲ့များမှ လုပ်ငန်းရှင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။
ဆွေးနွေးပွဲရလဒ်များအဖြစ် အဆင့်အတန်းမီ အရည်အသွေးကောင်းဝါဂွမ်းနှင့် ချည်ထည်များ ထုတ်လုပ်နိုင်ရန် ဝါမျိုးစေ့များကို တစ်နိုင်တစ်ပိုင် ထုတ်လုပ်နေသည့်အစား ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်သွားရန်၊ အရည်အသွေးကောင်းဂွမ်းများ Grade A,B ရရှိနိုင်မည့် ပြည်ပဝါစပ်မျိုးများအား ရေတိုအနေဖြင့် တင်သွင်းရန်နှင့် ရေရှည်တွင် မိဘမျိုးရင်းများအား တင်သွင်းပြီး ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးသွားရန်၊ ဝါကြိတ်စက်နှင့် ဝါစေ့ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုးနှုန်းသက်သာသည့်ချေးငွေများ ထုတ်ချေးပေးရန်၊ သွင်းအားစုများ အပြည့်အဝထည့်သွင်းနိုင်ရေးအတွက် သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေးရန်၊ စိုက်ပျိုးရေ အလုံအလောက်ရှိရေး ဆောင်ရွက်ပေးရန်၊ ဝါဈေးနှုန်းကိုလည်း ဆန်စပါးကဲ့သို့ အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ပေးရန်၊ စက်အရန်ပစ္စည်းများ၊ ခေတ်မီစက်များ တင်သွင်းခွင့်ပြုရန်၊ နည်းပညာပံ့ပိုးပေးရန်၊ ပြည်တွင်းပြည်ပဈေးကွက်များရရှိရေး ကူညီဆောင်ရွက်ပေးရန်၊ တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား ၂၄ နာရီရရှိရန် စသည်ဖြင့် အခက်အခဲများ၊ လိုအပ်ချက်များ ထွက်ပေါ်လာသည်။
ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်စက်မှုအထိ လုပ်ငန်းကွင်းဆက်တစ်လျှောက် တစ်ပြိုင်နက် မြှင့်တင်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် အောင်မြင်မှုရရှိအောင် ဆောင်ရွက်သွားကြရန်လိုသည်။ ဝါကုန်ကြမ်းမရှိဘဲ အထည်အလိပ်လုပ်ငန်း လုပ်ကိုင်နိုင်မည်မဟုတ်သလို အထည်အလိပ်လုပ်ငန်းမရှိဘဲ ဝါစိုက်ပျိုးထုတ်လုပ်မှုလည်း ဖွံ့ဖြိုးနိုင်မည်မဟုတ်သည့်အလျောက် အတူတကွ ရှင်သန်ဖွံ့ဖြိုးနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ဝါ - အထည်အလိပ် ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဆိုင်ရာကဏ္ဍများအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ထွက်ပေါ်လာပြီး အကျိုးဖြစ်ထွန်းလာကြမည်ဖြစ်သလို နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည်လည်းဖြစ်သည်။ မိမိတို့နိုင်ငံအနေဖြင့် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် ရေခံမြေခံနှင့် အခြေခံကောင်းများ ပိုင်ဆိုင်ထားရှိပြီးဖြစ်ရာ နိုင်ငံတော်၊ တောင်သူများနှင့် ထုတ်လုပ်သူများ တက်ညီလက်ညီ အားထုတ်ကြိုးပမ်းကြရပါမည့်အကြောင်း။ ။
