နေပြည်တော် ဇူလိုင် ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဗဟိုမီးသတ်သင်တန်းကျောင်းသို့ ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်ရေးလုပ်ငန်းခွင်
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မန္တလေး-လားရှိုးလမ်းမကြီးမှ ဗဟိုမီးသတ်သင်တန်းကျောင်းသို့ ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လမ်းသစ်ဖောက်လုပ်နေသည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြင်ဦးလွင်ဒေသအပါအဝင် နိုင်ငံအတွင်းရှိ မိမိတို့ ပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မိမိတို့အနေဖြင့် လိုအပ်သည့် အခြေခံအဆောက်အအုံများကို အကောင်အထည်ဖော်တည်ဆောက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေးနှင့် အကျိုးရှိရှိအသုံးချနိုင်ရေး လုပ်ငန်းဆောင်ရွက်မှုအားလုံး စနစ်တကျဖြစ်ရန်လိုကြောင်း၊ ယခုဖောက်လုပ်လျက်ရှိသည့် လမ်းကြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ စနစ်တကျထည့်သွင်း ဖောက်လုပ်သွားရန်လိုကြောင်း၊ ကတ္တရာခင်းခြင်း၊ လမ်းပခုံးများထည့်သွင်းခြင်းတို့ကိုလည်း စနစ်တကျဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းနယ်များကိုလည်း စနစ်တကျ သတ်မှတ်သွားရန်လိုပြီး လမ်းနယ်အတွင်း၌ စိမ်းလန်းစိုပြည်မှုရှိစေရေးနှင့် အေးမြသာယာသည့် ရာသီဥတုကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် မဲဇလီကဲ့သို့သော အပင်ကြီးမျိုးများ၊ အရိပ်ရလေကာပင်များကို ပင်ကြားတန်းကြားမှန်ကန်စွာဖြင့် စနစ်တကျထည့်သွင်းစိုက်ပျိုးသွားရန်လိုကြောင်း၊ လမ်းကြောင်းတစ်လျှောက်ရှိ သင်တန်းကျောင်းများအနေဖြင့်လည်း နယ်နိမိတ်သတ်မှတ်ချက်များအတိုင်းဖြစ်ရန်လိုပြီး ခြံစည်းရိုးများ စနစ်တကျ ကာရံထားရှိသွားရန်လိုကြောင်း၊ ဇီးပင်ကြီးအခြေခံပညာအထက်တန်းကျောင်းအတွင်း၌ အားကစားကွင်းတစ်ခုကိုလည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် လမ်းကြောင်းတစ်လျှောက် လမ်းဖောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တံတားများ ထည့်သွင်းတည်ဆောက်ထားရှိမှုများနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ရတနာပုံမြို့သစ်စီမံကိန်းနှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြင်စာကျေးရွာအနီး ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့အဆောက်အအုံသို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှု၊ ရတနာပုံဆိုက်ဘာစီးတီးအတွင်း Evergreen ဧရိယာများ ဖော်ဆောင်လျက်ရှိမှု၊ ဆိုက်ဘာစီးတီးစီမံကိန်း စက်မှုမြေကွက်များတွင် စက်ရုံတည်ဆောက်ထားရှိပြီး ပုံမှန်လည်ပတ်နေသော ကုမ္ပဏီများအား ဆက်လက်လုပ်ပိုင်ခွင့်ပေးထားကာ လုပ်ငန်းရပ်တန့်နေသည့်ကုမ္ပဏီများအား သတ်မှတ်ချက်နှင့်အညီ ဆက်လက်လုပ်ကိုင်လိုခြင်းရှိ/ မရှိ စိစစ်ဆောင်ရွက်ခဲ့မှု၊ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း အပိုင်း (၁) ဧက ၂၂၀၀ အတွက် ဖြစ်တန်စွမ်းလေ့လာဆန်းစစ် ဆောင်ရွက်လျက်ရှိမှု၊ ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းဧရိယာအတွင်း မြောက်ပိုင်းအိမ်ရာမြေကွက်များတွင် သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှု၊ စီမံကိန်းအတွင်း စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီများအား ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်းကောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စီမံကိန်းအတွင်းရှိ အဆောက်အအုံများ ဆက်လက်အသုံးပြုနိုင်ရေး ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် သင်တန်းခန်းမများနှင့် ဝန်ထမ်းများ နေထိုင်ရန်အိပ်ဆောင်များအား ပြည်တွင်းနည်းပညာကုမ္ပဏီများမှ ငှားရမ်းအသုံးပြုဆောင်ရွက်လိုမှု၊ စီမံကိန်းအတွင်းရှိ စက်ရုံများ လုပ်ငန်းလည်ပတ်နေမှုနှင့် အသစ်လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းအတွင်း ပြည်ပနည်းပညာကုမ္ပဏီများမှ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေးဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် အသစ်လျှောက်ထားသည့် လုပ်ငန်းလုပ်ဆောင်မည့်မြေနေရာများအား သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုဆောင်ရွက်သွားရန်လိုကြောင်း၊ စီမံကိန်းအတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြမည့် ပြည်တွင်း ပြည်ပမှ ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အပံ့ကောင်းများပေးနိုင်သည့် ကုမ္ပဏီများ ဖြစ်စေရေး စနစ်တကျ စိစစ်ရွေးချယ်ခွင့်ပြုပေးသွားရန်လိုကြောင်း၊ ဒေသတွင်းရှိ နည်းပညာဆိုင်ရာ တက္ကသိုလ်များ၊ ကောလိပ်များမှ သင်တန်းဆင်းလာကြသည့် နည်းပညာတတ်ကျွမ်းသော ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ယခုစီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်းများ ပေးစွမ်းနိုင်ရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရတနာပုံမြို့သစ်စီမံကိန်း မြေဧရိယာဧက ၃၀၀၀ ဆိုင်ရာ အချက်အလက်များ၊ လက်ရှိအခြေအနေများအပေါ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုအခြေအနေများ၊ စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာများဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက ရတနာပုံမြို့သစ်စီမံကိန်းမြေဧရိယာဧက ၃၀၀၀ ကို ၂၀၀၆ ခုနှစ်ကတည်းကပင် အစိုးရပိုင်စီမံကိန်းမြေအဖြစ် သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စီမံကိန်းဧရိယာနယ်နိမိတ်တစ်လျှောက်၌ အမှတ်အသားများ စိုက်ထူသတ်မှတ်ထားရန်လိုပြီး နယ်နိမိတ်တစ်လျှောက် အမြဲစိမ်းအပင်များ စိုက်ပျိုးသွားရန်လိုကြောင်း၊ စီမံကိန်းဧရိယာအတွင်း ခွင့်ပြုချက်မရရှိဘဲ အဆောက်အအုံများ ကျူးကျော်ဆောက်လုပ်နေထိုင်မှုများကိုလည်း သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ စိစစ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံမြို့သစ်ဆက်သွယ်ရေးစခန်း Incubation Center (IC) အဆောက်အအုံသို့ ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် အဆောက်အအုံနှင့် ရေစနစ်၊ မီးစနစ်များကို စနစ်တကျပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အအုံများအနီး သစ်ပင်များစိုက်ပျိုးရာတွင် အဆောက်အအုံထိခိုက်မှုမရှိအောင် စိုက်ပျိုးသွားရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် ရတနာပုံမြို့သစ်စီမံကိန်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ စိမ်းလန်းစိုပြည်သည့်ပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေး သစ်ပင်များစိုက်ပျိုးထားရှိမှု၊ စက်ရုံ၊ အလုပ်ရုံများနှင့် အိမ်ရာများ ဖော်ဆောင်ထားရှိမှုတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပိုးချည်စက်ရုံ (ပြင်ဦးလွင်)
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ပိုးချည်စက်ရုံ (ပြင်ဦးလွင်) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံက စက်ရုံ၏ နောက်ခံသမိုင်းကြောင်းဆိုင်ရာ အချက်အလက်များနှင့် ရည်ရွယ်ချက်များ၊ မြေအသုံးချနိုင်မှုနှင့် ဘဏ္ဍာရေးနှစ်အလိုက် ပိုးစာပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ပိုးမွေးမြူမှု၊ ပိုးအိမ်ထုတ်လုပ်မှုနှင့် ပိုးချည်၊ ပိုးထည်နှင့် တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်မှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် စက်ရုံဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပိုးမွေးမြူထုတ်လုပ်မှုများ တိုးတက်ထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ပိုးချည်နှင့် ပိုးထည်များသည် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပဈေးကွက်သို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် ပိုးချည်ထုတ်လုပ်မှုများ တိုးတက်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပိုးချည်ထုတ်လုပ်ခြင်း စက်မှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် စက်ရုံပြခန်းအတွင်း ပိုးစာနှင့် ပိုးထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှု၊ ပိုးချည်ကောင်များ အဆင့်အလိုက် မွေးမြူထားရှိမှု၊ ပိုးစာပင်စိုက်ခင်းအတွင်း ပိုးစာပင်အမျိုးအစားအလိုက် စိုက်ပျိုးထားရှိမှု၊ ပိုးချည်စက်ရုံအတွင်းရှိ ပိုးရွေးခန်း၊ ပိုးချည်ရစ်ခန်း၊ ပိုးချည်ငင်ခန်း၊ ပိုးချည်ထုပ်ခန်းတို့၌ လုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိမှု၊ ရှေးခေတ်သုံး ပိုးချည်ငင်စက်များ အစဉ်အဆက်ထိန်းသိမ်းထားရှိမှုတို့ကို စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပိုးချည်စက်ရုံ (ပြင်ဦးလွင်) မှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ စက်ရုံတာဝန်ခံက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
