နေပြည်တော် ဇူလိုင် ၃
(၁၁၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန် နေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ သက်ဆိုင်ရာပညာရှင်များက မြန်မာနိုင်ငံ၏ လက်ရှိဂျုံစိုက်ပျိုးထုတ်လုပ်မှုနှင့် ဂျုံစိုက်ပျိုးရေးအထွက်တိုးနည်းပညာခေါင်းစဉ်နှင့် ရောင်းတန်းဝင်အရည်အသွေးကောင်း ဂျုံမျိုးသစ်များ၏ အရည်အချင်းလက္ခဏာများနှင့် မျိုးစေ့ထုတ်လုပ်ပွားများမည့် အစီအစဉ်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းက တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သင့်လျော်သော ရာသီဥတုနှင့် မြေအမျိုးအစားအလိုက် ဂျုံသီးနှံစိုက်ပျိုးနိုင်ရန် အပူဒဏ်ခံဂျုံမျိုးများ သုတေသနပြု၍ ဂျုံမျိုးသစ်များ ဖော်ထုတ်ထားရှိမှုနှင့် စိုက်ပျိုးနည်းပညာပြန့်ပွားရေးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပညာရှင်များက ရောင်းတန်းဝင်အရည်အသွေးကောင်းဂျုံမျိုးသစ်များ၏ အရည်အချင်းလက္ခဏာများနှင့် မျိုးစေ့ထုတ်လုပ်ပွားများမည့် အစီအစဉ်များ၊ မြန်မာနိုင်ငံ၏ လက်ရှိဂျုံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ ဂျုံစိုက်ပျိုးရေး အထွက်တိုးနည်းပညာနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုအဆင့် ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone) လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
