နေပြည်တော် ဇူလိုင် ၃
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရုံးအမှတ် ၂၆၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အတွင်းရေးမှူး (၁) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ အတွင်းရေးမှူး (၂) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌက အစိုးရသစ်ကာလအတွင်း နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတက မှာကြားလမ်းညွှန်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန်များသည် ပြည်သူအများ အလုပ်အကိုင်ရရှိစေရန်၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားပြီး ပြည်ပပို့ကုန်တိုးတက်စေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်နှင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိစေရန်အတွက် အရေးကြီးကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်တွင်းရှိ MSME လုပ်ငန်းများနှင့် သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ ချိတ်ဆက်ပြီးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများကို အချိန်ဇယားအတိုင်း အဆင့်လိုက်တိုးတက်မှုရှိအောင် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲမှုအားနည်းချက်များမဖြစ်အောင်၊ သတ်မှတ်ထားသည့်ကာလအတွင်း လုပ်ငန်းများပြီးမြောက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာအောင် စည်းရုံးဆွဲဆောင်ကြရမည်ဖြစ်ကြောင်းနှင့် အထူးစီးပွားရေးဇုန်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဇုန်တစ်ခုချင်းအလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ စီမံခန့်ခွဲမှုနှင့် မြေလျော်ကြေးဆိုင်ရာများ၊ တိုးချဲ့ဆောင်ရွက်မည့် အခြေအနေနှင့် ဇုန်အတွင်းရှိ ကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး (၁) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာအထူးစီးပွားရေးဇုန်များ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သုံးသပ်တွေ့ရှိချက်များနှင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေနှင့် စာချုပ်ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင်များက ဇုန်တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
