ဘားအံ ဒီဇင်ဘာ ၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ယနေ့ နံနက်(၁၀)နာရီက ဘားအံမြို့ရှိဇွဲကပင်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထဲမှ မိမိတို့ရပ်ကွက်နှင့် ကျေးရွာများအတွက် လိုအပ်သော တံတားနှင့်လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များ၊ စိုက်ပျိုးရေးကဏ္ဍများ၊ ပညာရေးအတွက် ကျောင်းဆောင်သစ်များ ဆောင်ရွက်ပေးနိုင်ရေးတို့ကို တင်ပြတောင်းဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပေးသွားနိုင်ရေး သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)