Skip to main content

ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၇

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၊ ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာအေဂျင်စီဥက္ကဋ္ဌများ၊ အသင်းအဖွဲ့များ၊ MSME လုပ်ငန်းရှင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတက ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဂျစ်တယ်နည်းပညာ အသုံးပြု၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက အခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း စိုက်ပျိုး မွေးမြူရေး ဒေသထွက်ကုန်ကြမ်း အခြေပြု MSME ကုန်ထုတ်လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံမောင်းနှင်ပေးသည့် အင်အားတစ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလုပ်အကိုင်အများဆုံး ဖန်တီးပေးနိုင်ရုံသာမက ဒေသတွင်းစီးပွားရေး လည်ပတ်မှုကိုလည်း ပိုမိုအားကောင်းစေပြီး ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် တိုက်ရိုက်အထောက်အကူပြုနေသည့် လုပ်ငန်းများလည်းဖြစ်ကြောင်း။

ကုလသမဂ္ဂ၏ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် MSME များသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြကြောင်း၊ ထို့ကြောင့် ကမ္ဘာ့စီးပွားရေးမဏ္ဍိုင်နှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများတွင် အရေးပါလှသည့် MSME လုပ်ငန်းများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့ ကုလသမဂ္ဂ၏ အထွေထွေညီလာခံ အစည်းအဝေးတွင် နှစ်စဉ် ဇွန်လ (၂၇) ရက်နေ့ကို “World MSME Day” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း။

MSME လုပ်ငန်းများကို အားပေးမြှင့်တင်

MSME ကဏ္ဍသည် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုစသည့် လုပ်ငန်းများအားလုံး ပါဝင်နေသောကြောင့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင်လည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များကို လက်တွေ့ကျကျ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန်နှင့် မိမိတို့နိုင်ငံ၏ အခြေခံကျောရိုးဖြစ်သည့် MSME ကဏ္ဍကို အရှိန်အဟုန်မြှင့် အားပေးဆောင်ရွက်ရန်အတွက် “စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” ကို မိမိတို့အစိုးရသစ်တွင် စတင်တိုးချဲ့ပြင်ဆင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် MSME ကဏ္ဍကို စနစ်တကျဖြင့် ပြောင်မြောက်စွာ တိုးတက်စေချင်သည့် နိုင်ငံတော်၏ မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် သန္နိဋ္ဌာန်ကို ပြသခြင်းပင်ဖြစ်ကြောင်း။

ယနေ့ကမ္ဘာပေါ်တွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် MSME များဖြစ်ပြီး အလုပ်အကိုင်ဖန်တီးပေးမှု အပိုင်း၌ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းနှင့် GDP ၏ ၅၀ ရာခိုင် နှုန်းခန့်ရှိနေကြောင်း ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ၏ အချက်အလက်များအရ လေ့လာသိရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းခန့် သည် MSME လုပ်ငန်းများဖြစ်နေပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအနေဖြင့် ၇၀ ရာခိုင်နှုန်းခန့် ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် MSME ကဏ္ဍဖွံ့ဖြိုးရေးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရှုမြင်ပြီး အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း။

ယင်းနေရာတွင် အလေးအနက်မှာကြားလိုသည်မှာ ကုန်ထုတ်လုပ်မှုကဏ္ဍ အဆင်ပြေချောမွေ့ပြီး MSME ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အပြန်အလှန်ချိတ်ဆက်နေသည့် အဓိကမဏ္ဍိုင်ကြီး (၄) ရပ်ဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်တို့ တိုးတက်မြင့်မားအောင် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သကဲ့သို့ MSME လုပ်ငန်း လုပ်ကိုင်ရာတွင်လည်း စိန်ခေါ်မှုများစွာရှိကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကများအနေဖြင့် တစ်ဦးချင်း လုပ်ဆောင်ရာတွင် အခက်အခဲရှိနိုင်ကြောင်း၊ အဆိုပါအခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် စုပေါင်းလုပ်ဆောင်သည့် စနစ်၊ စိတ်တူသဘောတူများ သမဝါယမပုံစံနှင့် လုပ်ဆောင်ခြင်းဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း။

ကုန်ကြမ်းအနေဖြင့် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သောကြောင့် ပြည်တွင်း၌ အလွယ်တကူရရှိနိုင်သည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အပြည့်အဝအသုံးချကြရမည်ဖြစ်ကြောင်း၊ သွင်းအားစုများဖြစ်သည့် စက်သုံးဆီ၊ လျှပ်စစ်မီး၊ မြေသြဇာနှင့် ကုန်ထုတ်လုပ်မှု စက်ကိရိယာအစိတ်အပိုင်းများကိုလည်း သင့်တော်သည့် နည်းလမ်းများဖြင့် တီထွင်ကြံဆပြီး လုပ်ဆောင်ကြရန်လိုကြောင်း၊ အထူးသဖြင့် ကုန်ထုတ်လုပ်မှု စရိတ်စကများကို ဖြစ်နိုင်သမျှ လျှော့ချပေးနိုင်ရန်နှင့် ကုန်ထုတ်စွမ်းအားကို ပိုမိုတိုးတက်လာရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများကို ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အထူးအလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ပြောင်းလဲထုတ်လုပ်

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး လုပ်ကိုင်နေကြသည့် နိုင်ငံဖြစ်သောကြောင့် ပြည်တွင်းရှိ MSME လုပ်ငန်းများအတွက် အလွယ်တကူရရှိနိုင်သည့် သဘာဝသယံဇာတနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုသည့် ကုန်ထုတ်လုပ်မှုကို အဓိကတွန်းအားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သာမန်လုပ်ရိုးလုပ်စဉ် စိုက်ပျိုးမွေးမြူထုတ်ကုန်များကို မူလကုန်ကြမ်းအခြေအနေအတိုင်း ရောင်းချမှုအဆင့်မှ ခေတ်မီနည်းပညာများအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ပြောင်းလဲထုတ်လုပ်နိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း။

ပြည်ပမှ တင်သွင်းနေရသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ကြည့်ပါက အများစုသည် မိမိတို့နိုင်ငံ၌လည်း ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများကို အခြေခံထားသည်ကိုတွေ့ရကြောင်း၊ မိမိတို့တွင် ရှိပြီးဖြစ်သည့် ကုန်ကြမ်းများကို အပြည့်အဝအသုံးချပြီး အရည်အသွေးမီထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ကုန်ချောတင်သွင်းနေရမှုကို လျှော့ချနိုင်မည့်အပြင် သွင်းကုန်အစားထိုးခြင်းကိုလည်း လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း။

မိမိတို့၏ မျှော်မှန်းချက်သည် Agro-based Industry ထူထောင်နိုင်ရေးဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးသက်သက်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် မလွယ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတွင်ရှိပြီးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော ကုန်ထုတ်လုပ်မှုမှနေ၍ စက်မှုလုပ်ငန်းများကို MSMEနှင့် မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဝါးကို အခြေခံပြီး စက္ကူ၊ ပျော့ဖတ်၊ အထည်နှင့် အသုံးအဆောင်ပစ္စည်း၊ ‌ရော်ဘာကို အခြေခံသည့် အလုံးစုံသော သုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းများသည် Agro-based Industry များအချို့သာဖြစ်ကြောင်း။

လက်ရှိအချိန်တွင် ပြည်တွင်း MSME များသည် ကမ္ဘာ့ MSME များနည်းတူ ငွေကြေးအရင်းအနှီး၌ အခက်အခဲများရှိနေခြင်း၊ နည်းပညာနောက်ကျနေခြင်း၊ ဈေးကွက်ဝင်ရောက်နိုင်မှု အားနည်းခြင်း၊ ကျွမ်းကျင်လုပ်သား မလုံလောက်ခြင်း၊ ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက် (Supply Chain) အားနည်းခြင်း၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ ကြုံတွေ့နေရခြင်း စသည့်စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားပြီး အခွင့်အလမ်းအဖြစ် ပြောင်းလဲကာ ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်ခုရရှိအောင် ကြိုးပမ်းအားထုတ်ကြရန်လိုကြောင်း၊ ဒေသန္တရအစိုးရအဖွဲ့များ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ လုပ်ငန်းကွန်ရက်များအနေဖြင့် လုပ်ငန်းရှင်များအတွက် ကုန်ကြမ်း သေချာစွာရရှိစေရေး၊ ငွေကြေးအရင်းအနှီး လွယ်ကူစေရေးနှင့် ဒီဂျစ်တယ်နည်းပညာသင်တန်းများ ရရှိနိုင်ရေးအတွက် ခိုင်မာသည့် ဝန်းကျင်ကောင်းတစ်ခုကို ဝိုင်းဝန်းတည်ဆောက်ပေးကြရမည်ဖြစ်ကြောင်း၊ တီထွင်ဆန်းသစ်သူများ၊ စိုက်ပျိုးရေး မွေးမြူရေး ကုန်ထုတ်လုပ်သူများမှ အစပြု၍ ဝန်ဆောင်မှုပေးနေသူများအထိ MSME လုပ်ငန်းရှင် အားလုံးသည် ယင်းစီးပွားရေး စိန်ခေါ်မှုများကြားမှ ကြံ့ကြံ့ခံပြီး အလုပ်အကိုင်များ ဖန်တီးပေးနေသည်ကို တွေ့ရသည့်အတွက် အလေးအနက် အသိအမှတ်ပြုကြောင်း။

မိမိတို့နိုင်ငံတွင်း ထုတ်လုပ်မှုစွမ်းအားများကို မြှင့်တင်ပြီး သွင်းကုန်အစားထိုးခြင်းနှင့် ပို့ကုန်ဦးတည်သည့် အရည်အသွေးမြင့် ကုန်ထုတ်လုပ်မှုများကို ဦးတည်လုပ်ကိုင်ခြင်းအားဖြင့် အမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးကာ ခိုင်မာတောင့်တင်းသည့် နိုင်ငံ့စီးပွားရေးကို တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ တစ်ဝန်းလုံးတွင် ဒေသတစ်ခုနှင့်တစ်ခု ရာသီဥတု၊ မြေဆီလွှာနှင့် ထွက်ရှိသည့် သဘာဝသယံဇာတချင်းမတူညီသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ဒေသတစ်ခုချင်းစီ၌လည်း အားသာချက်ကိုယ်စီရှိနေကြကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်ရှိသည့် MSME များကို ထိထိရောက်ရောက် တိုးတက်စေလိုပါက “ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP)” စနစ်ကို အားစိုက် ကြိုးပမ်းလုပ်ဆောင်သွားကြရန်လိုအပ်ကြောင်း။

ဈေးကွက်ရှာဖွေဆောင်ရွက်

ယခုနှစ် World MSME Day ကို နှစ်ရက်တာကျင်းပပြီး MSME လုပ်ငန်းရှင်များအနေဖြင့် ခေတ်မီ ဒီဂျစ်တယ်နည်းပညာများနှင့် အလှမ်းမဝေးစေရေး ဒီဂျစ်တယ်နည်းပညာသုံးစွဲမှုကို မြှင့်တင်အားပေးသည့် အထူးအစီအစဉ်များကို ထည့်သွင်းပံ့ပိုးပေးထားကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ငွေကြေးစီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက် ဒီဂျစ်တယ် ငွေပေးချေမှုစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း၊ မိမိတို့၏ ကုန်ပစ္စည်းများကို ဒေသတွင်းမှ ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်နိုင်ရေးအတွက် ဒီဂျစ်တယ် ရောင်းဝယ်ဖောက်ကားမှု ပလက်ဖောင်း (E-commerce Platforms) များကို လက်တွေ့အသုံးချပြီး ဈေးကွက်ရှာဖွေခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းရှင်များ၊ အထူးသဖြင့် လူငယ်စံပြ လုပ်ငန်းရှင်များကို ဒီဂျစ်တယ်နည်းပညာများတွင် သေချာစွာ နားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချနိုင်ရေးအတွက် နည်းပညာပံ့ပိုးမှုများဖြင့် လုပ်ငန်းကွန်ရက်ချိတ်ဆက်မှုများ အားကောင်းခိုင်မာရေး ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

အောင်မြင်မှုရရှိသည်အထိ ရှေ့သို့ ချီတက်ကြရမည်

မိမိတို့နိုင်ငံ၏ စီးပွားရေးစနစ် တစ်ခုလုံးကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာရန်ဆိုပါက သီးခြားစီဖြစ်နေပြီး အမျိုးအစားတူသည့် MSME လုပ်ငန်းများကို စုစည်းပြီး အောင်မြင်မှုရရှိသည်အထိ ရှေ့သို့ ဆက်လက်ချီတက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းတစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်ပံ့ပိုးပေးနိုင်သည့် Supply Chain Mechanism ကို ခိုင်ခိုင်မာမာ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် MSME လုပ်ငန်းများနှင့် အကြီးစားစက်မှုလုပ်ငန်းများအကြား ခိုင်မာသည့် ကုန်ထုတ်လုပ်မှုကွင်းဆက် ကွန်ရက်တစ်ခုဖြစ်ပေါ်လာအောင် ချိတ်ဆက်ပေးသွားကြရန်လိုအပ်ကြောင်း၊ စက်ရုံကြီးများအတွက် လိုအပ်သည့်စက်အစိတ်အပိုင်းများ၊ တစ်ဝက်တစ်ပျက်ကုန်ကြမ်းများနှင့် ထုပ်ပိုးပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းနေမည့်အစား အရည်အသွေးမီသည့် ပြည်တွင်း MSME ထုတ်ကုန်များကို ဝယ်ယူအသုံးပြုပြီး ကုန်ချောထုတ်လုပ်သည့် စနစ်မျိုးကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် တစ်ခုနှင့်တစ်ခု ကွင်းဆက်မပြတ် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း။

ထို့အပြင် MSME လုပ်ငန်းရှင်များအချင်းချင်း အတွေ့အကြုံဖလှယ်ခြင်းနှင့် ကုန်ထုတ်လုပ်မှု နည်းပညာများ၊ မျှဝေဖလှယ်မှုများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ MSME လုပ်ငန်းများ ခေတ်မီတိုးတက်ရန်နှင့် ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်အတွက် ဆိုပါက အစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များအကြား ခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးကိုလည်း တည်ဆောက်ထားရမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ကမ္ဘာ့ဈေးကွက်အထိ တင်ပို့နိုင်ရေးအတွက် နိုင်ငံတကာနှင့်ချိတ်ဆက်နိုင်မည့် Global Partnership အတွက်ကိုပါ ရည်မှန်းထားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အားလုံးပါဝင်နိုင်သည့် စီးပွားရေးစနစ်များ ဖြစ်ထွန်းအောင်မြင်လာစေရေးအတွက် ဘဏ္ဍာရေး အရင်းအမြစ်များနှင့် နည်းပညာဆိုင်ရာ ဗဟုသုတများကို အစဉ်သဖြင့် ဝေမျှပေးနိုင်မည့် ဒီဂျစ်တယ် ပလက်ဖောင်းများကိုလည်း ဖန်တီးပေးသွားမည်ဖြစ်ကြောင်း၊

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကုန်ထုတ်လုပ်မှုနယ်ပယ်အသီးသီးတွင် ဒေသအလိုက် လုပ်ငန်းကဏ္ဍချိတ်ဆက်မှုများ ပီပြင်စွာ ဖော်ဆောင်နိုင်စေရေးအတွက် လုပ်ငန်းရှင်ကြီးများနှင့် လုပ်ငန်းရှင်ငယ်များအကြား ပေါင်းကူးတံတားသဖွယ် စနစ်တကျ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များသည် မိမိတို့နိုင်ငံ စီးပွားရေး၏ ပဓာနကျသည့် ကျောရိုးမဏ္ဍိုင်ကြီးဖြစ်ကြောင်း၊ ယင်းကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲပြီး ပိုမိုရှင်သန်ဖွံ့ဖြိုးလာစေခြင်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေးအင်အား တောင့်တင်းလာစေရုံတင်မက ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝနှင့် မိသားစုဝင်ငွေများကို တိုက်ရိုက်မြင့်မားတိုးတက်လာစေမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အသေးစား၊ အငယ်စားလုပ်ငန်းရှင်များ၊ စတင်ပျိုးထောင်စ လုပ်ငန်း (Startup) တည်ထောင်သူများနှင့် MSME လုပ်ငန်းများအားလုံးကို နိုင်ငံတော်ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း၊ လုပ်ငန်းများ၏ တီထွင်ဖန်တီးမှု၊ ကြိုးစားအားထုတ်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့သည် မိမိတို့၏ မြို့ရွာဒေသများကို ပြောင်းလဲတိုးတက်စေရုံတင်မက နိုင်ငံတော်၏ စီးပွားရေးတစ်ခုလုံးကို ရှေ့သို့မောင်းနှင်ပေးနေခြင်းလည်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်တွင်း MSME လုပ်ငန်းများကို ဘက်စုံကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာအောင် အစွမ်းကုန်ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကို ထပ်လောင်းပြောကြားလိုကြောင်း။

မိမိတို့နိုင်ငံသည် သဘာဝအရင်းအမြစ်မျိုးစုံ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သကဲ့သို့ လူသားအရင်းအမြစ်လည်း ပြည့်စုံသည့် နိုင်ငံဖြစ်ကြောင်း၊ MSME လုပ်ငန်းများကို ပုဂ္ဂလိကနှင့် သမဝါယမပုံစံများဖြင့် အရှိန်မြှင့်ဆောင်ရွက်ခြင်းဖြင့် အလုပ်လုပ်နိုင်သည့် အသက်အရွယ်အားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာဖြစ်ပေါ်စေပြီး တစ်ဦးချင်း ဝင်ငွေရရှိမှု၊ အမိမြေ၏ အေးမြသည့် အရိပ်အာဝါသအောက်တွင် စိတ်ချမ်းသာစွာနေရမှု၊ မိသားစု၏ လူမှုစီးပွားများ မြှင့်တင်ပေးနိုင်မှု၊ ဆင်းရဲမွဲတေမှုကိုလျှော့ချပေးနိုင်မှုအစရှိသည့် များစွာသော အကျိုးဆက်များခံစားရမည်ဖြစ်ကြောင်း၊ နည်းပညာနှင့် အရင်းအနှီးကို ဟန်ချက်ညီအောင် ပံ့ပိုးပေးနိုင်မည်ဆိုပါက မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သည် မလွဲမသွေ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် အားလုံးအလုပ်လုပ်ကြရန်သာလိုကြောင်း၊ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် သူ့အကျိုးကိုယ့်အကျိုး အပြန်အလှန်အကျိုးပြုရုံမျှမက နိုင်ငံတော်၏ အကျိုးစီးပွားအတွက်ကိုပါ ဖော်ဆောင်ပေးရာရောက်မည်ဖြစ်ပြီး Win-Win Win Situation အခြေအနေ ရောက်ရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ် ကမ္ဘာ့ MSME နေ့၏ ဦးတည်ဆောင်ပုဒ်နှင့်အညီ မိမိတို့၏ အနာဂတ်မျိုးဆက်သစ်လူငယ် လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်သူများအားလုံး ခေတ်မီနည်းပညာများ၊ တီထွင်ဆန်းသစ်မှုများနှင့် နိုင်ငံတော်က ပံ့ပိုးပေးထားသည့် အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်ပြီး ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ပြည်တွင်း ဖူလုံရုံတင်မက ကမ္ဘာ့အဆင့်အထိ အရည်အသွေးမြှင့်တင်ပြီး ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတက ထူးချွန်အဆင့် (၁) MSME လုပ်ငန်းများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ Heal-thy & Happy စားသောက်ကုန် (အသေးစား) လုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီးမှ သလ္လာဝတီ ကုမ္ပဏီလီမိတက် စားသောက်ကုန်(အလတ်စား)လုပ်ငန်း၊ ရှမ်းပြည်နယ်မှ ခိုင်မေတ္တာဆေးရုံ ကျန်းမာရေးဝန်ဆောင်မှု (အလတ်စား)တို့အား ဂုဏ်ပြုတံဆိပ်များ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ဒုတိယသမ္မတ ဦးညိုစောက ထူးချွန်အဆင့် (၂) MSME လုပ်ငန်းသုံးခု၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ထူးချွန် အဆင့် (၂) MSME လုပ်ငန်းသုံးခု၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ထူးချွန်အဆင့် (၃) MSME လုပ်ငန်းသုံးခု၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ထူးချွန်အဆင့် (၃) MSME လုပ်ငန်းသုံးခု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ထူးချွန်အဆင့် (၃) MSME သုံးခုတို့အား ဂုဏ်ပြုတံဆိပ်များ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် MSME ဖွံ့ဖြိုးတိုးတက်ရေး မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ အထိမ်းအမှတ်လက်ဆောင်အား နေရာအရောက်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားတက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ဗဟိုကော်မတီနှင့်လုပ်ငန်း ကော်မတီပြခန်းများ၊ ဗဟိုကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာန ပြခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် MSME ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းပြခန်းများ၊ အသင်းအဖွဲ့များအလိုက် ပြခန်းများ စုစုပေါင်း ပြခန်းပေါင်း ၁၄၉ ခန်းတွင် ခင်းကျင်းပြသထားသည့် ဒေသထွက် စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများ၊ မြန်မာ့ရိုးရာလက်မှုပစ္စည်းများ၊ လယ်ယာသုံးစက်ကိရိယာများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများ၊ ဓာတ်မြေဩဇာများ၊ မျိုးစေ့များနှင့် အခြားပြည်တွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်း အမျိုးမျိုးအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်