ဇီးကုန်း နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေနှင့်ပတ်သက်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် ၁နာရီက တွေ့ဆုံ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို ဆွေးနွေးလမ်းညွှန်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ များအား အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရန်၊ မဖြစ်မနေအပြင်သို့သွားလာပါက နှာခေါင်းစည်း ကို စနစ်တကျတပ်ဆင် သွားလာရေးကို ကြီးကြပ်ဆောင်ရွက်ရန်နှင့် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်း ပါဝင် လုပ်ဆောင်ရန်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ ဦးဝင်းမြင့်နှင့် မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဇော်နိုင်ဦးတို့မှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ကိုဗစ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ်(၅)သိန်းနှင့် နှာခေါင်းစည်း(၁၀၀၀)အား ပေးအပ်ရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ နှင့် ကျန်းမာရေးဦးစီးမှူးတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ (ဇီးကုန်း)