နေပြည်တော် ဇွန် ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ဟန်ကျိုးမြို့၊ အပြည်ပြည်လေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား ကျဲ့ကျန်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့်တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ စစ်ဘက်၊ နယ်ဘက်မှတာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့်တွေ့ဆုံခြင်းတို့အပြင် ပြည်နယ်အကြီးအကဲများနှင့်တွေ့ဆုံခြင်း၊ စီးပွားရေးကွန်ဖရင့်သို့တက်ရောက်ခြင်းနှင့် အဆင့်မြင့်နည်းပညာသုံးစက်မှုလုပ်ငန်းများသို့ သွားရောက်လေ့လာခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်နိုင်ခဲ့ကာ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးရှိစေနိုင်မည့် ဆွေးနွေးချက်များကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့်စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်အကျိုးစီးပွားကို တစိုက်မတ်မတ်ဦးတည်ပြီး ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ခဲ့မှု၊ စီးပွားရေး၊ အာကာသနည်းပညာနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံပြည်သူများ၏ အကျိုးစီးပွားတိုးတက်ရေး ဦးတည်ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ခဲ့မှုအတွက် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များအလိုက်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူ သားငယ်၊ သမီးငယ်လေးများ၊ ဘင်ခရာ၊ ပန်းပွားအကအဖွဲ့များ၊ တရုတ်အကအလှအဖွဲ့များ၊ တိုင်းရင်းသား ရိုးရာအကအလှအဖွဲ့များ၊ အနုပညာရှင်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လေဆိပ်တွင်အသင့်စောင့်ကြို၍ လေဆိပ်လေယာဉ်အဆင်းမှ VIP ဆောင်အထိလည်းကောင်း၊ တပ်မတော်လေဆိပ်အဝင်လမ်းတစ်လျှောက်တွင်လည်းကောင်း “တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်ပါစေ။ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအလိုက် တိုးမြှင့်ဆောင်ရွက်နိုင်ပါစေ။ တရုတ်-မြန်မာချစ်ကြည်ရေးကိုခိုင်မြဲစေသော သမ္မတကြီးနှင့်အဖွဲ့ဝင်များအား လှိုက်လှဲစွာကြိုဆိုပါ၏။ မြန်မာနိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော သမ္မတကြီး ဦးမင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါ၏။ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုအား ထောက်ခံပါသည်။ တရုတ်-မြန်မာ ချစ်ကြည်စွာ တွဲလက်မြဲပါစေ။ မြန်မာ-တရုတ် ပူးပေါင်းအား မုချအောင်မြင်ပါစေ။" ဟူသော စာတန်းများပါရှိသည့် ဗွီနိုင်းများကိုင်ဆောင်၍လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအလံတို့ကို အသီးသီးကိုင်ဆောင်ဝှေ့ယမ်းကာ "တရုတ်-မြန်မာ ချစ်ကြည်ရေး (အဓွန့်ရှည်ပါစေ၊ အဓွန့်ရှည်ပါစေ)။ အမျိုး၊ ဘာသာ၊ သာသနာအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် သမ္မတကြီး ဦးမင်းအောင်လှိုင် (ကျန်းမာပါစေ၊ ကျန်းမာပါစေ)။ ပြည်ထာင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီး ဦးမင်းအောင်လှိုင် (ကျန်းမာပါစေ၊ ကျန်းမာပါစေ)။ တရုတ်-မြန်မာချစ်ကြည်ရေး (ခိုင်မြဲပါစေ၊ ခိုင်မြဲပါစေ)။ တရုတ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ၊ အဓွန့်ရှည်ပါစေ။" ဟု ကြွေးကြော်လျက်လည်းကောင်း၊ လေဆိပ်မှနေပြည်တော်သို့ဝင်ရောက်ရာလမ်းတစ်လျှောက် အဓိကနေရာများရှိ LED Board များ၌လည်း နိုင်ငံတော်သမ္မတ၏ တရုတ်ပြည်သူသမ္မတ နိုင်ငံခရီးစဉ်လှုပ်ရှားမှုပုံရိပ်များဖြင့် "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါသည်" ဟူ၍ ရေးသားဖော်ပြ၍လည်းကောင်း သောင်းသောင်းဖြဖြကြိုဆို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
