Skip to main content

ပျော်ဘွယ်၊ နောင်ချိုနှင့် ဒက္ခိဏသီရိမြို့နယ်တို့၌ ကိုဗစ်-၁၉ ရောဂါ ထောက်ခံချက်အတုများ တွေ့ရှိ

နေပြည်တော် နိုဝင်ဘာ ၂၈

ပျော်ဘွယ်၊ နောင်ချိုနှင့် ဒက္ခိဏသီရိမြို့နယ်တို့၌ ကိုဗစ်-၁၉ ရောဂါ ထောက်ခံချက်အတုများ တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် တပ်ကုန်း မြို့နယ်ညောင်လွန့်စစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် 9A/6861 Dyna ယာဉ်မှ ယာဉ်မောင်း ဦးစိန်ဝင်းထွန်း၊ စည်ပင်တဘက္ကာကျေးရွာ ရမည်းသင်း မြို့နယ်နေသူနှင့် 8M/7441 Canter ခြောက်ဘီးယာဉ်မှ ယာဉ်မောင်း/ ယာဉ်ပိုင်ရှင် ဦးအောင်ဇော်မြင့်၊ ရှမ်းပွဲ ရပ်ကွက် ပျော်ဘွယ်မြို့နေသူတို့အားပေပင်လေးစစ်ဆေးရေးဂိတ်မှ စစ်ဆေးပေးသော RDT စစ်ဆေးချက်လက်မှတ် ကို မသင်္ကာသဖြင့် တပ်ကုန်းမြို့နယ် ဆရာဝန်ကြီးမှ ပျော်ဘွယ်မြို့နယ် ဆရာဝန်ကြီးထံသို့ Viber ဖြင့် ပေးပို့ တိုက်ဆိုင်စိစစ်ချက်အရ အဆိုပါ RDT စစ်ဆေးချက် လက်မှတ်မှာ အတုဖြစ်သည်ဟုသိရကြောင်း။

၎င်းတို့အား စစ်မေးချက်အရ ထောက်ခံချက်(အတု)များအား ပျော်ဘွယ်မြို့ မြင်းဘက်ရပ်ကွက် တောင်ဂိတ် တာဝန်ကျ ရန်လင်းဦးထံမှ ရယူခဲ့ကြောင်းသိရပြီး ယင်းနေ့ညတွင် ရန်လင်းဦးအား ပျော်ဘွယ်မြို့ မြင်းဘက် ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့ရာ ရှမ်းပွဲရပ်ကွက်ရှိ ‘‘ငွေစတား’’ ကွန်ပျူတာဆိုင်မှ ထက်အောင်(၂၆ နှစ်) ထံက ဝယ်ယူ ခဲ့ကြောင်းသိရှိရ၍ နိုဝင်ဘာ ၂၆ ရက်တွင် ထက်အောင် အား ‘‘ငွေစတား’’ ကွန်ပျူတာဆိုင်၌ Samsung တံဆိပ်ပါ မော်နီတာတစ်လုံး၊ Mega Power System Box တစ်လုံး၊ Epson L-805 ကာလာပရင်တာ တစ်လုံး၊ Canon L-100 ပရင်တာတစ်လုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံ ဖမ်းဆီးရမိသဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိကြောင်း။
အလားတူ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက နောင်ချိုမြို့နယ် ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်၌ မန္တလေးမှလားရှိုးသို့ တင်ဇော်လေး ချမ်းအေးသာစံမြို့နယ်နေသူ မောင်းနှင်သော DD/7838 AD Van ယာဉ်ကိုစစ်ဆေးရာ မတ္တရာမြို့နယ် ပြည်သူ့ ကျန်းမာရေးဌာနမှထုတ်ပေးထားသော ကိုဗစ်-၁၉ ရောဂါ မရှိကြောင်း ထောက်ခံချက်စာရွက်အား ၎င်းကိုယ်တိုင် အတုပြုလုပ်ကိုင်ဆောင်ထားသည်ကို တွေ့ရှိသဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။
ထို့အတူ ညနေပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် စီလမ်း ဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ဦးဝင်းအောင် လှည်းကူး မြို့နယ်နေသူပါ အမျိုးသား ၂ ဦးသည် Cokaspa ကုမ္ပဏီမှ 6Q-6872 ကွန်တိန်နာယာဉ်ဖြင့် အသီးအရွက်နှင့် အသား ငါးများ တင်ဆောင်ရောက်ရှိလာသဖြင့် ကျန်းမာရေးမှူး နှင့် အဖွဲ့ကစစ်ဆေးရာ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ စစ်ဆေး ချက်ထောက်ခံချက်စာရွက်မှာ အတုဖြစ်နေသည်ကို စိစစ်တွေ့ရှိရ၍ ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါကို အလေးထားကာကွယ် ထိန်းချုပ်နေစဉ်ကာလအတွင်း ယခုကဲ့သို့ အတုအပ ပြုလုပ်၍ မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်မှု အားလုံးကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ထိရောက်စွာဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းစဉ်