နေပြည်တော် ဇွန် ၁၇
တာချီလိတ်မြို့၌ ငွေကျပ် ၃၈၂၅ ဒသမ ၆ သိန်း၊ ဝိုင်းမော်မြို့နယ်၌ ငွေကျပ် ၁၀၀၉ ဒသမ ၈ သိန်းနှင့် မိုးညှင်းမြို့နယ်၌ ငွေကျပ် ၂၂၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၅ ရက် မွန်းလွဲ ၄ နာရီခွဲတွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ လော်ဖျော့ (၂၁) နှစ် ငှားရမ်းနေထိုင်သည့် နေအိမ်ခန်းအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ (တစ်ပြားလျှင်ငွေကျပ် ၆၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုး ငွေကျပ် ၆၀၀၀၀)နှင့် နေအိမ်ခြံဝင်းအတွင်းရှိ ၎င်းပိုင်ဆိုင်သည့် TOYOTA LEXUS အမျိုးအစား မော်တော်ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၄၅ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၈၅ သိန်းနှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၃၈၂၅ သိန်း)တို့ကို ဖမ်းဆီးရမိသဖြင့် လော်ဖျော့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
အလားတူ ဇွန် ၁၄ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးတွင် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နေ ကျော်ဝင်းသိန်း (၂၂)နှစ် မောင်းနှင်လာသော TOYOTA HILUX REVO အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၅၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၂၂၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၀၀၉ ဒသမ ၈ သိန်း)အား ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည ၆ နာရီခွဲတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ စိုင်းခင်(ခ)ဝင်းအောင်ခင် (၃၉) နှစ်အား ၎င်းတို့ငှားရမ်းနေထိုင်သည့် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိသဖြင့် ကျော်ဝင်းသိန်းနှင့် စိုင်းခင်(ခ) ဝင်းအောင်ခင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
ထို့အတူ ဇွန် ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ် နန့်စီးအောင်ရွာအနီးတွင် ဖားကန့်မြို့ မော်ရှန်ရပ်ကွက်နေ ကျားရော်(၄၆)နှစ် မောင်းနှင်လာသော MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဘိန်းဆီခဲ ၁၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၄ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၂၄ သိန်း)နှင့် မြန်မာငွေကျပ် ၁၀ သိန်းတို့အား ဖမ်းဆီးရမိသဖြင့် ကျားရော်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။
သတင်းစဉ်
