Skip to main content

ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉ အပေါ် မြန်မာနိုင်ငံတုံ့ပြန်မှု အွန်လိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီက ကြီးမှူးကျင်းပသည့် “ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉အပေါ်မြန်မာနိုင်ငံ တုံ့ပြန်မှု”ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပရာ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးကိုကို (စက်မှု တက္ကသိုလ်)နှင့် ဒေါ်နန်းကလျာဝင်း၊ အတွင်းရေးမှူး ဦးမင်းဆွေလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟောပြောဆွေးနွေးသူများနှင့် ဧည့်ပရိသတ်များက အွန်လိုင်း ဖြင့် တက်ရောက်ကြသည်။

 ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမြင့်ထွေး က စွမ်းရည်အာနိသင် ထက် မြက်သော COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာသည့်တိုင် ကမ္ဘာ့နိုင်ငံအားလုံးက  COVID-19 ကာကွယ်ဆေးကို လိုအပ် နေသဖြင့် အပြိုင်အဆိုင်ဝယ်ယူရန် ကြိုးစား လျက်ရှိမှု၊ ကမ္ဘာတစ်ခုလုံးအတိုင်းအတာနှင့် နိုင်ငံတစ်ဝန်းလုံး COVID-19 ကာကွယ် ဆေးထိုးနှံရန်မှာ အချိန်တိုအတွင်းမဖြစ်နိုင်မှု၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာနိုင် မှုတို့ကြောင့် COVID-19 ရောဂါသည် ကမ္ဘာတွင် ကြာရှည်စွာရှိနေနိုင်သည့်အတွက် မိမိတို့သက်ဆိုင်သူ အားလုံးက COVID-19 နှင့် သက်ဆိုင်သည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို အမြန်ဆုံးဆက်လက် အားဖြည့်ခြင်းဖြင့်လည်းကောင်း၊ COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းများ ထိုးသည့်အခါ လိုအပ်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်း များကိုလည်းကောင်း၊  COVID-19 နှင့် ဆက်နွှယ်သည့်ကိစ္စရပ်များအတွက် ထပ်မံလို အပ်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသစ်ထူထောင်ခြင်းဖြင့် လည်းကောင်း၊ ဆောင်ရွက် ပါက COVID-19 ထိန်းချုပ်မှုလုပ်ငန်းများ ပိုမိုမြန်ဆန်ထိရောက် လာ မည်ဖြစ်ပါကြောင်း။     

COVID-19 ရောဂါဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း ရရှိမှု၊ ဖြန့်ဝေမှု၊ သုံးစွဲမှု များကို စီမံခန့် ခွဲမှုများအတွက် Logistic Management Dashboard ကိုလည်း ဆောင်ရွက်ထားရှိပြီး တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများနှင့် ဆေးရုံများမှာ စတင်အသုံးပြုလျက် ရှိပါကြောင်း။

COVID-19 ဆိုင်ရာ သတင်းအချက်အလက်များစီမံခန့်ခွဲမှု စနစ် “Web-based COVID-19 Database Management System Application” (http://covid19db.mohs.gov.mm/)  ကိုလည်း ရေးဆွဲထားပြီး အဆိုပါ Application ကို  ၂၀၂၀  ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ  Quarantine Centre မျးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံ (ခုတင်-၃၀၀) တို့တွင် ကနဦး (Pilot) အနေဖြင့် အသုံးပြုဆောင်ရွက်ခဲ့ပြီး လာမည့်ဒီဇင်ဘာလမှစ၍ နေပြည်တော်တွင် စတင် အသုံးပြုသွားမည် ဖြစ်သကဲ့သို့ အခြားတိုင်းဒေသကြီး/ပြည်နယ်တွင်လည်း အသုံးပြုသွားနိုင်ရေး ဆက်လက် ဆောင်ရွက် မှာဖြစ်ပါကြောင်း။

ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်၌ “National COVID-19 Call Centre” ကို (၂၀၂၀) ပြည့်နှစ်၊ ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး COVID-19 ရောဂါဆိုင်ရာ အကြောင်း အရာများကို Hotline ဖုန်း နံပါတ် "2019" သို့ မည်သည့်ဖုန်းနံပါတ်နှင့့်မဆို အခမဲ့ ခေါ်ဆိုမေးမြန်းနိုင်ရန်လည်း စီစဉ် ဆောင်ရွက်ထား ရှိခဲ့ကြောင်း၊  မြန်မာဘာသာစကား ဖြင့် ဖြေဆိုမှုတွင် လိုင်းခွဲများအနေဖြင့် နံပါတ် (၁)ရောဂါလက္ခဏာ များ အကြောင်း၊ နံပါတ် (၂)ကူးစက်နိုင်သော နည်းလမ်းများ အကြောင်း၊ နံပါတ် (၃)ကာကွယ်နိုင် သော နည်း လမ်း များအကြောင်း၊ နံပါတ် (၄)အသွားအလာ ကန့်သတ်ခြင်း အကြောင်း၊ နံပါတ် (၅)နောက်ဆုံးရ COVID-19 ပိုးတွေ့လူနာအရေ အတွက် ၊ နံပါတ် (၆)QuarantineCenter များမှ မေးမြန်းမှုများကို ဖြေကြားရန်နှင့် နံပါတ် (၀)-ဆရာဝန်များနှင့် တိုက်ရိုက် မေးမြန်း ရန် တို့ကို စီစဉ်ဆောင်ရွက် ထားပါကြောင်း၊ COVID-19 ကူးစက်မှု ပထမလှိုင်းတွင် စက်မှ ဖြေဆိုမှုအနေဖြင့် ဧပြီလ၌ အကြိမ်ရေ(၅.၂) သန်းကျော်၊ COVID-19 ကူးစက်မှု ဒုတိယလှိုင်း တွင် စက်တင်ဘာလ၌ အကြိမ်ရေ (၆.၃) သန်းခန့်၊ အောက်တိုဘာလ၌ အကြိမ်ရေ (၃.၁) သန်း ခေါ်ဆိုဖြေကြားမှု ရှိခဲ့ ပါကြောင်း။

ခေတ်မီသတင်းအချက်အလက် နှင့်ဆက်သွယ်ရေးနည်းပညာ (ICT) အထောက် အကူပြု လုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်တို့ ပူး ပေါင်းပြီး ရောဂါဖြစ်ပွားသူများနဲ့ ထိတွေ့ခဲ့မှု ရှိ/မရှိ ဆန်းစစ် နိုင်သော စောစောရှာ “Saw Saw Shar” Mobile Application ကိုလည်း ရေးဆွဲအကောင် အထည်ဖော်ခဲ့ပါကြောင်း။

နိုင်ငံတော်အစိုးရမှလည်း ဝန်ကြီးဌာနများရှိ e-Government unit ဖွဲ့စည်းပုံကို ခွင့်ပြုပြီး ဖြစ်သည့် အတွက် မိမိတို့အားလုံးသည် ဤကိစ္စရပ်ကို အထူးအရေးကြီး ကိစ္စရပ် တစ်ခုဖြစ်ကြောင်း သိရှိကာ လိုအပ် သည်များကို အမြန်ဆုံးဆောင်ရွက် သင့်ပါကြောင်း။

မိမိတို့ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန အသီးသီးမှ e-Government unit များ ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးအတွက်လည်း ဝိုင်းဝန်းအကြံပြုဆောင်ရွက်ကြစေလို ပါ ကြောင်း။

ယခုစကားဝိုင်းဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ရေရှည်အကျိုးအတွက် အရေးကြီးသည့် ဆွေးနွေးပွဲဖြစ်ပါ ကြောင်း၊ ဆက်လက်၍လည်း ဝန်ကြီးဌာန အသီးသီး၏ e-Government unit များမှ တာဝန်ရှိသူများ ပါဝင် တက်ရောက်သည့် ဆွေးနွေးပွဲများ ပြုလုပ်ပေးစေလိုပါကြောင်း ပြောကြားသည်။

 ထို့နောက်  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက    ကိုဗစ်-၁၉ ကပ်ရောဂါသည် နည်းပညာပြောင်းလဲသုံးစွဲမှုကို ပို၍ မြန်ဆန်သွားစေသည်ဟု ယူဆရပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ပြည်သူများသည် New Normal ပုံစံတစ်ခုသို့ ပြောင်းလဲကြရပြီး ကပ် ရောဂါသည် ပြည်သူများ၏ လူမှုစီးပွားဘဝများကို အကျိုးသက်ရောက်မှုရှိကာ နယ် ပယ်စုံအပေါ် ထိခိုက်မှုရှိပါကြောင်း၊ မည်သည့်အချိန်မှ ပြီးဆုံးနိုင်မည်ကိုလည်း ခန့်မှန်းရန် ခက်ခဲပါကြောင်း၊ သို့သော် ကိုဗစ်-၁၉ ကို အားလုံးကို ပူးပေါင်းကာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း က  ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉ အပေါ် မြန်မာနိုင်ငံ တုံ့ပြန်မှု စကားဝိုင်းကို ဆက်လက်ကျင်းပရာ AYA Bank မှ အုပ်ချုပ်မှုဒါရိုက်တာ (ဒစ်ဂျစ်တယ်)   ဦးချစ်ထွန်းဖေက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်၊ ကိုဗစ် - ၁၉ စေတနာ့ဝန်ထမ်းလုပ်ခဲ့သူ ဒေါက်တာစိန်ဖြိုးလှိုင် နှင့် စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်) တို့က  ပါဝင် ဆွေးနွေးကြသည်။

ဒေါက်တာထွန်းသူရသက်က Contact Tracing လုပ်ဆောင်နိုင်သည့် ဒစ်ဂျစ်တယ် နည်းပညာ အကြောင်း၊ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ် ပလက် ဖောင်းများ၊ QR Codeအသုံးပြု ဆောင်ရွက်နေသည့် အတွေ့အကြုံများ၊ ဒစ်ဂျစ်တယ် နည်းပညာကူးပြောင်းမှုများ၏ အထောက်အကူပြုပုံများနှင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချရာတွင် သတင်းအချက်အလက်ပြည်စုံမှန်ကန်မှုနှင့် သတင်းအချက် အလက် ထိန်း သိမ်းမှု အရေးကြီးပုံများကို ဆွေးနွေးသည်။

ဒေါက်တာစိန်ဖြိုးလှိုင်က ကိုယ်တိုင် ပေါ့စတစ်လူနာအဖြစ်ဆေးရုံတက်ခဲ့စဉ်နှင့် စေတနာ့ဝန်ထမ်း လုပ်အားပေးအဖြစ် ဆောင်ရွက်ခဲ့စဉ်က တွေ့ကြုံခဲ့သည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းအသုံးပြုပုံများ၊ လူနာမှတ်တမ်းများကို ဒစ်ဂျစ်တယ်နည်းပညာအသုံးချ ဆောင်ရွက်သင့်သည့်များ၊ ကိုဗစ်-၁၉နှင့်ပတ်သက်၍ သတင်းမှားများဖြန့်ဝေနေမှုများကို ဒစ်ဂျစ်တယ် ပလက်ဖောင်းများ အသုံးပြုပညာပေး လုပ်ငန်းဆောင်ရွက်သင့်သည်များကို ဆွေးနွေးသည်။

စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်) က အင်္ဂလန်နိုင်ငံတွင် ကိုဗစ်-၁၉ လူနာများကို Contact Tracing လုပ်ရာ၌ ဒစ်ဂျစ်တယ် ပလက်ဖောင်းများ အသုံးပြု နေမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသမှု လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်မှုအပေါ်အမြင်နှင့် Tele-medicine နည်း ပညာဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြင်ပဆေးခန်းများက ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် အတွေ့ အကြုံများကို ဆွေးနွေးသည်။

ဆက်လက်၍ အွန်လိုင်းမှ တက်ရောက်နားထောင်ကြသူများက  မေးခွန်းများကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်းနှင့် စကားဝိုင်းဆွေးနွေးပွဲဟောပြောဆွေးနွေးသူများ က ပြန်လည်ဖြေကြားကြ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်းတို့က  နိဂုံးချုပ်စကားအမှာပြောကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။   (သတင်းစဉ်)