Skip to main content

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင် ဟင်္သာတမြို့နယ် လယ်တော် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်နှင့် ပိုးတွေ့လူနာများ ထားရှိကုသနိုင်ရန် မြို့တော်ခန်းမအား ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး

ဟင်္သာတ နိုဝင်ဘာ ၂၈ 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိူးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်း၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ် သူ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီးခရိုင် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့်က ဟင်္သာတမြို့နယ် လယ်တော်ကျေးရွာအုပ်စု တွင်ဖွင့်လှစ်ထားရှိ သည့် ကိုဗစ်-၁၉  ရောဂါ စစ်ဆေးရေး ဂိတ်သို့ သွားရောက်ခဲ့ပြီး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ရေးအတွက် စစ်ဆေးရေးလုပ်ငန်း‌ ဆောင်ရွက်နေမှု အခြေ အနေနှင့် ခရီးသွားမှတ်တမ်း ရယူနေမှု အခြေ အနေများ အား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင်  မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် စစ်ဆေးရေးဂိတ်တာဝန်ကျ အဖွဲ့များက စစ်ဆေး ရေး လုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး ရှင်းလင်းတင်ပြမှုအပေါ်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှားကြားပြီး စစ်ဆေးရေးဂိတ် များတွင် တာဝန်ထမ်းဆောင် လျက် ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်း  အဖွဲ့များ၊ Volunteer  များအား  တွေ့ဆုံအားပေး၍ စစ်ဆေးရေးဂိတ်များတွင် လိုအပ် သည်များ သုံးစွဲရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှထောက်ပံ့သည့် ထောက်ပံ့ငွေကျပ် (၅၀၀၀၀၀)ကို  တာဝန်ရှိ သူများထံ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူ များနှင့်အတူ ဟင်္သာတမြို့ မြို့တော်ခန်းမတွင် Palan(C) အဖြစ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် လူနာများထားရှိကုသရန် ကြိုတင်ပြင်ဆင် ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟင်္သာတခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်နှင့် ဆေးရုံအုပ် ကြီးဒေါက်တာဌေးဌေးလှိုင်တို့က ဟင်္သာတ ခရိုင် ပြည့်သူ့ ဆေးရုံကြီးနှင့် သူနာပြုသင်တန်း ကျောင်းတို့တွင် ပိုးတွေ့လူများထားရှိကုသမှုနှင့် လက်ရှိမြို့တော်ခန်းမအား ကြိုတင် ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော် (ပြန်/ဆက်)