Skip to main content

ခရမ်းမြို့နယ်အတွင်း ဓာတ်အားခွဲရုံများ တိုးချဲ့ဖွင့်လှစ်

ခရမ်း နိုဝင်ဘာ  ၂၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ပိန်းကန်ဓာတ်အားခွဲရုံနှင့် ဇွဲပလိုင် ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီခွဲကအဆိုပါ ဓာတ်အားခွဲရုံများ၌  ကျင်းပခဲ့သည်။

အခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်များ၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် တာဝန်ရှိသူ များ တက် ရောက်ကြ သည်။

ရှေးဦးစွာ ခရမ်းမြို့နယ် 33/11 kV, 5 MVA  ပိန်းကန် ဓာတ်အားခွဲရုံ  ကမ္ဗည်းကျောက်စာ မော်ကွန်းအား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမင်းတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ခရမ်းမြို့နယ် ဇွဲပလိုင် 33/11 kv, 10 MVA ဓာတ် အားခွဲရုံဖွင့်ပွဲ၌ အဖွင့်အမှာစကား ပြောကြား၍  33/11 kV, 10 MVA  ဓာတ်အားခွဲရုံ ကမ္ဗည်း ကျောက်စာမော်ကွန်းအား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်းတို့က စက်ခလုပ်နှိပ်၍  ဖွင့်လှစ် ပေးပြီး  ဓာတ်အား ခွဲရုံအတွင်း  လှည့်လည်ကြည့်ရှုခဲ့ကြ​‌ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)