Skip to main content

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ပေါ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ပဲခူး      နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ နံနက် ၉ နာရီက သယံဇာတ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ပဲခူးမြို့ပေါ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ရှေးဦးစွာ လေဆိပ်တည်ဆောက်ရေးရှင်းလင်းဆောင်၌ ဝန်ကြီးချုပ်နှင့်အဖွဲ့အား လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား ရေးမှူးဦးဇော်မင်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ် ကွင်းစီမံကိန်း ရေတိုရေရှည်စီလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးတိုးတိုးက ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ် ကွင်းနှင့် ချိတ်ဆက်သွား လာမည့် ဆက်သွယ်ရေးလမ်းများ ဆောင်ရွက်မည့်အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး လယ်‌ယာ မြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သန်းလွင် မြေယာဆိုင်ရာ ကိစ္စများကို လည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက လေယာဉ်ကွင်းဧရိယာအတွင်း နှစ်တိုနှစ်ရှည်သီးနှံပင်များ စိုက်ပျိုးထားရှိမှုများအား လည်းကောင်း၊ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည့်အ‌ခြေအနေ များအားလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက အပိုင်းခွဲ၍‌ မြေပြင်ကွင်းဆင်း စာရင်းကောက်ခံထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က မြေသိမ်းဆည်းခြင်းဆိုင်ရာ ကိစ္စများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များလမ်းညွှန်မှာကြား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥဿာမြို့သစ်၊ (၇)ရပ်ကွက် သမိန်ဗရမ်းဈေး (ကုန်စိမ်းသားငါး ဈေးသစ်) တည်ဆောက်မည့် မြေနေရာ အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း)အား ပဲခူးမြို့ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် မြို့တွင်းသွားလာရာတွင် ယာဉ်ကြောရှုပ်ထွေးမှု လျော့နည်း စေရန်အတွက် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉) မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် တာ၀န်ယူ စတင်တည် ဆောက်ခဲ့ရာ ယခုတံတားတည်ဆောက်ရေးလုပ်ငန်းမှာ (၁၀၀)% ပြီးစီးပြီဖြစ်ပြီး တံတား၏တစ်ဖက် တစ်ချက် ချဉ်းကပ်လမ်းအမြန်ပြီးစီးရေး ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။

ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) သည် သံကူကွန်ကရစ်တံတားဖြစ်ပြီး အရှည်(၅၁၈)ပေ ၊ ယာဉ်သွား လမ်းအကျယ်(၂၈)ပေ (၂)လမ်းသွားနှင့် လူသွားလမ်းအကျယ် တစ်ဖက်(၆)ပေစီ ရှိပြီး ပဲခူးမြို့ စိန်သာလျောင်း ဘုရားလမ်းနှင့် ဥဿာမြို့သစ်၊ သမိန်ဗရမ်းလမ်းတို့ကို ဆက်သွယ် သွားလာနိုင်သည့် လမ်းဖြစ်သည့်အပြင် ပဲခူးမြို့ရှောင် လမ်းနှင့်ပါ ချိတ်ဆက်သွားလာနိုင်မည်ဖြစ်သဖြင့် သနပ်ပင်၊ ခရမ်း၊ သုံးခွနှင့် ရန်ကုန်တိုင်း ဒေသကြီးအထိ လမ်းပေါက်သွားမည်ဖြစ်သည်။ ပဲခူးမြို့ရှောင်လမ်းကို ဆက်သွယ်သည့် လမ်းဖြစ်သည့်အတွက် ပဲခူးမြို့တွင်း ယာဉ်ကြော ကြပ်တည်းမှုများ၊ ကုန်စည်စီးဆင်းမှုများ၊ ကျောင်းသူ ကျောင်းသားများ သွားလာရေးများ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)