နေပြည်တော် နိုဝင်ဘာ ၂၇
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၂ ဦးအား စင်ကာပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၂၈) ကြိမ် မြောက်အဖြစ် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။ ထို့ပြင် ထိုင်းနိုင်ငံတွင် အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား ၇၆ ဦးအား ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးမှ စီစဉ်သည့် (၁၂) ကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေး သည့် နေရာ/ သတ်မှတ် ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသား များအား ပြန်လည် ခေါ်ဆောင်ရန် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်