Skip to main content

နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ်ပရိဝုဏ်တစ်ခုလုံး ရောင်စုံမီးများဖြင့် ဆင်ယင်ထွန်းညှိ

ရန်ကုန် နိုဝင်ဘာ ၂၇

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တက္ကသိုလ်ပရိဝုဏ်တစ်ခုလုံးကို ရောင်စုံမီးများဖြင့် ဆင်ယင်ထွန်းညှိ ထားမည်ဖြစ်ရာ ယခုအခါ မီးအလှဆင်မှုလုပ်ငန်းများအားလုံးနီးပါး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ရောင်စုံမီးများဖြင့် မီးအလှဆင် ထွန်းညှိမှုများကို ရန်ကုန်တက္ကသိုလ်အဝင်လမ်းဖြစ်သော အဓိပတိ လမ်းတစ်လျှောက်မှ စတင် ထွန်းညှိထားပြီး ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်ပုပ်ပင်နှင့် အနီးဝန်းကျင်၊ အပန်းဖြေရိပ်သာ၊ စစ်ကိုင်းလမ်းရှိမုခ်ဦး၊ ကံ့ကော်ဥယျာဉ်၊ တက္ကသိုလ်များ ဓမ္မာရုံကြီး၊ ရန်ကုန် တက္ကသိုလ်ပတ်လည် ခြံစည်းရိုးတစ်လျှောက်၊ ဂျပ်ဆင်ဘုရားကျောင်း၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကဲ့သို့ ရန်ကုန်တက္ကသိုလ်၏ အထင်ကရနေရာများတွင် ဆလိုက်မီးများဖြင့် အလှဆင် ထားသည်ကို တွေ့ရသည်။

မီးအလှဆင်မှုများကို နိုဝင်ဘာ ၂၀ ရက်မှ စတင်ခဲ့ပြီး ကျောင်းအဝင်တွင်ထားရှိမည့် LED မီးဖြင့် အလှဆင်ထားသည့် ဆိုင်းဘုတ် တစ်ခုသာကျန်ရှိမည်ဖြစ်ကာ ကျန်အပိုင်း များအားလုံးမှာ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးအလှဆင်ယင်ထွန်းညှိမှုများကို ရန်ကုန်တက္ကသိုလ်မှ လျှပ်စစ်ဝန်ထမ်းများ၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း လမ်းမီးဌာနနှင့် ကမာရွတ်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်အတွင်း အထင်ကရအဆောက်အအုံများတွင် ရောင်စုံမီးများဖြင့် အလှဆင်ထားမှုကြောင့် လာရောက်ကြည့်ရှု သူအချို့ရှိပြီး ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လိုက်နာရန် တက္ကသိုလ်မှ တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် အသိပေးမှုများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ-လင်းညွန့်