Skip to main content

လေးမျက်နှာမြို့နယ်အတွင်းရှိ မြို့အဝင်/အထွက်များတွင် ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး စွန့်လွတ်မြေများပြန်လည်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

လေးမျက်နှာ နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ် များ အား အလေးထားဆောင်ရွက်လျက်ရှိပြီး ယနေ့ ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဌေးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိူးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်များသို့ သွားရောက်ခဲ့ပြီး စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ခရီးသွားမှတ်တမ်းရယူနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ Volunteer များအား တွေ့ဆုံအားပေး၍ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည်များ သုံးစွဲရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ထောက်ပံ့ငွေ(၅၀၀၀၀၀) (ကျပ်ငါးသိန်းတိတိ) အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီမှ လေးမျက်နှာမြို့နယ်တွင် စွန့်လွတ်မြေများအား ပြန်လည်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ်/ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီ အဆင့်ဆင့်အနေဖြင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီမှ ပြင်ဆင်ချမှတ်ထားသော မူဝါဒများနှင့်အညီ သိမ်းဆည်းခံလယ်မြေများအား စိစစ်ဆောင်ရွက်ပြီး မူလတောင်သူများသို့ မြေယာပြန်လည်ပေးအပ်ခြင်းများ လျော်ကြေး/နစ်နာ ကြေးပေးအပ်ခြင်းများကို မူလတောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး အလေအလွင့်မဖြစ်စေရေး၊ မှန်မှန်ကန်ကန်ဖြစ်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ စွန့်လွတ်မြေများကို မူလပိုင်ရှင်(၁၈)ဦးထံသို့ ဧရိယာ(၇၄.၇၈) ဧကအား ပုံစံ()ပေးအပ်သွားမှာဖြစ်ကြောင်း၊ ကျွန်တော်တို့ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သိမ်းဆည်းခံ လယ်ယာမြေကိစ္စများနှင့် ပတ်သက် ၍ မူဝါဒလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိသော မြေများအား မူလတောင်သူများထံ အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ စွန့်လွတ်မြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ပေးပါသော ခရိုင်/မြို့နယ်လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတို့ကိုလည်း အသိအမှတ်ပြုကြောင်း၊ စွန့်လွတ်မြေ များအား ပြန်လည်ရရှိသော မူလပိုင်ရှင်များအနေဖြင့်လည်း မိမိတို့၏သာယာဝပြောသောဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိ သူများကမူလတောင်သူ(၁၈)ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ ()ပေးအပ်ခဲ့ပြီး ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ()ရရှိသည့်တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)