ဟင်္သာတ နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများလိုက်ပါလျက် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဝန်းအတွင်း ၂၀၂၀ပြည့်နှစ် ကိုဗစ် - ၁၉ ကာလ အစီအစဉ်၏ ထောက်ပံ့မူဖြင့် စိုက်ပျိုးခဲ့သော မျိုးစေ့ထုတ်စိုက်ခင်းများမှ ထုတ်လုပ်သော မျိုးစေ့များအား အခြောက်ခံစက်ဖြင့် အခြောက်ခံခြင်းနှင့် မျိုးစေ့သန့်စင်စက်ဖြင့် သန့်စင်ခြင်း လုပ်ငန်းများကြည့်ရူခဲ့ကြသည်။
ဝန်ကြီးချုပ်မှ တက်ရောက်လာသော တောင်သူများနှင့် မျိုးစေ့ထုတ်လုပ်သူများအား အရည်အသွေးကောင်းမျိုးစေ့များ ထုတ်လုပ် နိုင်မှသာလျှင် ပိုမိုခိုင်မာသော စျေးကွက်ရရှိလာနိုင်ကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းအတွက် လိုအပ်သော အခြောက်ခံစက်နှင့် မျိုးစေ့သန့်စင်စက်များကို တောင်သူများလွယ်ကူစွာ အသုံးပြုနိုင်ရေးကို ပံ့ပိုးကူညီပေးလျက် ရှိပါကြောင်း တောင်သူများပူးပေါင်း၍ အကျိုးတူကန်ထရိုက် လယ်ယာစနစ်ကို လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ကြရန်လိုသလို မျိုးစေ့ထုတ်လုပ်ငန်းအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးအတွက် ချေးငွေများရရှိရေး ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ယခု(၄)နှစ်တာကာလအတွင်း မျိုးစေ့သန့်စင်စက် ၁၈ လုံး အခြောက်ခံ စက်အကြီး ၁ လုံး အခြောက်ခံစက်အသေး ၇ လုံး ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) အစီအစဉ်ဖြင့် မျိုးစေ့သန်စင်စက် ၉လုံး၊ United Nations Office For Project Services(UNOPS)အစီအစဉ်ဖြင့် ၂ လုံးနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (RSSD)စီမံကိန်းအစီအစဉ်ဖြင့် မျိုးစေ့ထုတ်ခြံများအတွက် ကူဘိုတာလယ်ထွန်စက် ၃ စီးတို့ကို ပံ့ပိုးကူညီပေးခဲ့ရာ မြို့နယ်အားလုံးနှင့် မျိုးသန့်ခြံများအတွက် မျိုးစေ့သန့်စင်စက်များ တပ်ဆင် ပေးနိုင်ခဲ့ပြီး (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင်လည်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် အခြောက်ခံစက်အကြီး ၂ လုံးတို့ကို ထပ်မံတပ်ဆင် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော် (ဟင်္သာတ)