Skip to main content

မိတ်ဖက်ချစ်ကြည်ရင်းနှီးရပ်တည် နီးနီးကပ်ကပ်ထိတွေ့ဆောင်ရွက်

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့ရာတွင် အိန္ဒိယသမ္မတနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ “အိမ်နီးချင်းဦးစားပေးမူဝါဒ”၊ “အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ” နှင့် “ဒေသတွင်း ဘေးကင်းလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အပြန်အလှန်အမှီသဟဲပြုလျက်ရှိသော ဘက်စုံလွှမ်းခြုံသည့် မူဝါဒ” များ ဆုံစည်းရာနေရာတွင် တည်ရှိကြောင်း၊ နှစ်ဖက်ဆွေးနွေးရာတွင် ကုန်သွယ်ရေးနှင့် စီးပွားရေးအရ ဆက်ဆံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန် အရေးကြီးကြောင်း၊ နှစ်ဖက်စလုံးက ဆွေးနွေးလျက်ရှိသည့် နားလည်မှုစာချွန်လွှာများ၏ အခြေအနေကို မှတ်သားထားရှိကြောင်းနှင့် အဆိုပါနားလည်မှုစာချွန်လွှာများ အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပါက ဒေသတွင်း၌ အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်မှစတင်၍ မြန်မာကျောင်းသားများအတွက် မဲခေါင်-ဂင်္ဂါ၊ ICCR ပညာသင်ဆုများကို လက်ရှိပေးအပ်လျက်ရှိသော ပညာသင်ဆု ၃၆ ခုမှ ပညာသင်ဆု ၁၀၀ အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ရူပီး-ကျပ် ငွေပေးချေမှုစနစ်အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် တိုးမြှင့်ဆောင်ရွက်သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြပြီး အဆိုပါစနစ်အား ၂၀၂၄ ခုနှစ် မေလတွင် စတင်အသုံးပြုချိန်မှစ၍ ငွေလွှဲပြောင်းမှုပမာဏ တစိုက်မတ်မတ်တိုးတက်လာခြင်းအပေါ် ကျေနပ်အားရကြောင်း၊ မိမိတို့နိုင်ငံ၏ သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်မှု၊ ရေနံ၊ စွမ်းအင်၊ သတ္တုတွင်းကဏ္ဍများကဲ့သို့ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် နယ်ပယ်များတွင် ပိုမိုနီးကပ်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံကြောင်း နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် ထောက်ခံကြောင်း၊ မိမိတို့၏အချုပ်အခြာအာဏာပိုင်နက်နယ်မြေကို တစ်ဖက်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်နစ်နာစေမည့် မလျော်ကန်သောဆောင်ရွက်မှုများကို တားဆီးကာကွယ်သွားရန် အရေးကြီးကြောင်း နှစ်ဖက်စလုံးက အလေးထားပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ နယ်မြေအား အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေရန် အသုံးပြုခွင့်ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ခိုင်မာပြီး ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် ဆောင်ရွက်သွားရန် ကတိကဝတ်ဆက်လက်ထားရှိကြောင်း ဝန်ကြီးချုပ်က အတည်ပြုပြောကြားခဲ့သည်။                                     

ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုအခြေခံ၍ ကူညီပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် နိုင်ငံတော်သမ္မတက ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ မွမ်ဘိုင်းမြို့ ခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်မည့် အစီအစဉ်သည် ရှိရင်းစွဲနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် စီးပွားရေးအရ ချိတ်ဆက်ဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာစေမည်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲ၍ ချစ်ကြည်ရေးနှင့် နီးကပ်သော မိတ်ဖက်ရပ်တည်မှုကိုလည်းကောင်း၊ နှစ်နိုင်ငံအပြန်အလှန်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ဘုံတူညီသော ကတိကဝတ်များထားရှိမှုကိုလည်းကောင်း ထပ်လောင်းအတည်ပြုခဲ့ခြင်းဖြစ်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအဆင့်တိုင်းတွင် နီးကပ်စွာ ဆက်လက်ထိတွေ့ဆောင်ရွက်သွားရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပါကြောင်း။ ။