Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော် မေ ၂၈

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဗဟိုဘဏ်များအကြား အပြန်အလှန်နားလည်မှုများ ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်စွာဆောင်ရွက်နိုင်စေရေး၊ ပိုမိုခိုင်မာသော ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများကို အထောက်အကူပြုနိုင်ရေး၊ နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်ရေးဘဏ်များကို ကူညီထောက်ပံ့ပေးနိုင်ရေးနှင့် နှစ်နိုင်ငံ ဗဟိုဘဏ်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်အတွက် သင်တန်းများ ပူးတွဲကျင်းပနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ရှေ့မှောက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စန္ဒာဦးနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV တို့က အဆိုပါနားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးကာ စာချွန်လွှာများကိုအပြန်အလှန် လဲလှယ်ခဲ့ကြသည်။

နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံဗဟိုဘဏ်တို့အကြား ငွေကြေးမူဝါဒများ၊ မေခရိုစီးပွားရေးဆိုင်ရာမူဝါဒများ၊ ဘဏ်လုပ်ငန်းစနစ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ သဘောထားအမြင်များဖလှယ်ရန်၊ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် သတင်းအချက်အလက်များဖလှယ်ရန်၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မည့် နှစ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဘဏ်များကို ကူညီထောက်ပံ့ပေးရန်စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အပြင် နှစ်နိုင်ငံဗဟိုဘဏ်များအကြား စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများကိုလည်း ပူးတွဲကျင်းပနိုင်မည်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များလည်း ပိုမိုပြည့်ဝလာစေခြင်း စသည့်အကျိုးကျေးဇူးများ များစွာဖြစ်ထွန်းရရှိစေမည်ဖြစ်သည်။

သတင်းစဉ်