နေပြည်တော် မေ ၂၈
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်လျက်ရှိသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နှစ်ထပ်အဆောက်အအုံအသစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစဉ် ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက နှစ်ထပ်အဆောက်အအုံအသစ် ဆောက်လုပ်နေမှုနှင့် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ မြေငလျင်ပြင်းအား ၈ မဂ္ဂနီကျုအထိ ခံနိုင်ရည်ရှိစေရန် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေး၊ မိုးရာသီမတိုင်မီ အုတ်မြစ်လုပ်ငန်းများကို အချိန်မီပြီးစီးရေး၊ အဆောက်အအုံတစ်ခုလုံးအနေဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ခုံရုံးဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ရုံးအဆောက်အအုံအသစ် တည်ဆောက်နေမှုနှင့် ဆောက်လုပ်ပြီးစီးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
