နေပြည်တော် မေ ၂၁
လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit-MMU) နှစ်စီးဖြင့် မြန်မာ့မီးရထားရုံးချုပ် (နေပြည်တော်) နှင့် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တို့မှ အရာထမ်း၊ အမှုထမ်း အာမခံအလုပ်သမားဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက လုပ်ငန်းခွင်အရောက် ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးမှုကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးတို့ ကြည့်ရှုအားပေးသည်။
ရွေ့လျားဆေးကုသယာဉ်များဖြင့် ကွင်းဆင်းဆေးကုသပေးရာတွင် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့က ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအား လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ၊ လွှဲပြောင်းကုသမှုများဆောင်ရွက်ပေးခြင်း၊ နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှုနည်းပါးစေရန် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များကို အသိပညာပေးပြောကြားခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှု ၃၂၇ ဦး၊ နှလုံးစမ်းသပ်စစ်ဆေးမှု ၁၈၅ ဦး၊ မျက်စိပါဝါစမ်းသပ်မှု ၃၂၅ ဦး၊ မျက်မှန်ပေးအပ်မှု ၃၂၀ ရှိကြောင်း သိရသည်။
သတင်းစဉ်
