ပုသိမ် နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒဿမအကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဉီးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက် ကြသည်။
စုပေါင်းမဟာဘုံကထိန်ကို နှစ်စဉ်မပျက်ကျင်းပလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ လူ(၃၀)ထက်မပိုပဲ ကျင်းပဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံတော်သြဝါဒါ စရိယညောင်ပင်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ကြွရောက်တော်မူကြသော သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ် ခဲ့ကြပြီး၊ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မရမ်းချိုကျောင်းတိုက် ဆရာတော်ကြီးက အနုမောဒနာတရား ဟောကြားကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် ဒဿမအကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ကျင်းပမည့် ကျောင်းတိုက်အား စာရေးတံမဲ ဖောက်၍ ကျောင်းတိုက် အသီးသီးသို့ လှူဒါန်း ခဲ့ကြသည်။
ယခုနှစ် ကိုဗစ်-၁၉ ကာလတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်းလှူဒါန်းမှု အစုစုမှာ ငွေကျပ် ၂၄၅ သိန်း ၁ သောင်း ၅ ထောင် ၂၀၀ သိန်းခန့်ရှိကြောင်းနှင့် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြင့်ဟန်၊ ပုသိမ်ခရိုင်(ပြန်/ဆက်)