နေပြည်တော် နိုဝင်ဘာ ၂၅
(၁၈) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးများကို ယနေ့နံနက် ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယား နိုင်ငံတို့မှ ပို့ဆောင်ရေးဝန်ကြီးများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြန်မာ့မီးရထားတို့မှဌာန အကြီးအကဲများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။
(၁၈) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-ဂျပန် ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံကိန်း (၂၇) ခုတွင် ပါဝင်ပြီး ၂၀၂၁ ခုနှစ်အတွင်း ဦးစားပေး အကောင်အထည်ဖော်ရန်ရှိသည့် ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် ကမ္ဘာ လှည့်ခရီးသည်များကို အပျော်စီးရေယာဉ်များဖြင့် ပို့ဆောင်မှုများဖွံ့ဖြိုးလာစေရေး၊ အာဆီယံ ဒေသတွင်း ရေလမ်းကြောင်း တိုးတက်ကောင်းမွန်စေရေးနှင့် ဒေသတွင်းရေယာဉ်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းလမ်းညွှန်များ ချမှတ်နိုင်စေ ရေးလုပ်ငန်းများအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ကြ သည်။
ထို့အပြင် အာဆီယံနှင့် ဂျပန်နိုင်ငံတို့အကြား လုပ်ငန်းစဉ်သစ်များ ပူးပေါင်းဆောင်ရွက်မှု အဖြစ်ကုန် သေတ္တာကိုင်တွယ်သောဆိပ်ကမ်း များ၏ စွမ်းဆောင်ရည် မြင့်မားစေရေးနှင့် အာဆီယံ ဒေသတွင်း ရေယာဉ်ငယ်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးတို့အတွက် လိုအပ်သည့်လုပ်ငန်း လမ်းညွှန်များ ရေးဆွဲရေး၊ ပို့ဆောင်ရေးကဏ္ဍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်မည့် နိုင်ငံအလိုက်လုပ်ငန်း အစီအစဉ်အသစ်ရေးဆွဲရေး (New Action Plan on Environmental Improvement) တို့ကိုလည်း ဆွေးနွေးအတည်ပြုခဲ့ကြသည်။
ယင်းနောက် (၁၁)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးများ အစည်း အဝေးကို ကျင်းပရာ အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း များ၊ အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ ဆောင်ရွက်ပေးလျက်ရှိသည့် အဓိကကျောရိုးလမ်းမကြီး ဖြစ်သော ရန်ကုန်-မန္တလေးအမြန်လမ်း နှင့် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်း လမ်းပိုင်းများ အဆင့်မြှင့်တင်ရေး အတွက် ဖြစ်မြောက်နိုင် စွမ်းလေ့လာရေးဆောင်ရွက်နေမှုနှင့် ဝါးတရာ တံတားတည်ဆောက်ရေးအတွက် ဖြစ်မြောက်နိုင် စွမ်းလေ့လာမှုဆောင်ရွက်မည့် စီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)