နေပြည်တော် မေ ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် သဲကျွန်းကျေးရွာ၌ စပျစ်စိုက်တောင်သူများ၊ စပျစ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စပျစ်ဇုန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများမှ စပျစ်ဇုန် အကောင်အထည်ဖော်ရေးတွင် ကူညီဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး စပျစ်စိုက်တောင်သူများ၊ စပျစ် လုပ်ငန်းရှင်များ၏ မေးမြန်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးသည်။
ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တို့တွင် စပျစ်စိုက်ပျိုးလုပ်ကိုင်မှုများပြားလာခြင်းကြောင့် ဆည်ရေသောက်လယ်မြေများပေါ်တွင် စိုက်ပျိုးခြင်းများရှိလာသဖြင့် လယ်ယာမြေအပေါ် ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ စိုက်ပျိုးလုပ်ကိုင်မှုများကို လုပ်ငန်းအရှိန်မပျက်စေဘဲ စနစ်တကျဖယ်ရှား နိုင်ရန်နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုအသုံးပြုပြီး ဝိုင်စပျစ်စီးပွားဖြစ် စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးရေးထွက်ကုန် အခြေခံစားသောက်ကုန်ချောထုတ် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်အတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် စပျစ်ဇုန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယခုအကောင်အထည်ဖော်ဆောင်မည့် စပျစ်ဇုန်၌ ဝိုင်စပျစ်တစ်မျိုးတည်းကိုသာ စိုက်ပျိုးလုပ်ကိုင်ကြရန်ဖြစ်ပြီး ထွက်ရှိလာမည့် စပျစ်များရောင်းချနိုင်ရေးအတွက် လက်ရှိလည်ပတ်နေသော ဝိုင်စက်ရုံမှဝယ်ယူသွားရန် ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်သကဲ့သို့ စိုက်ပျိုးမှုနှင့်ထွက်ရှိနိုင်မှုအပေါ် မူတည်၍ စပျစ်ဝိုင်စက်ရုံများ အချိန်မီအကောင်အထည်ဖော် ဆောင်နိုင်ရေးကိုပါ စီမံပြီးဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝမ်းတွင်းမြို့နယ် ဘုရားဖြူကျေးရွာ နွေနှမ်းစံပြစိုက်ခင်းတွင် ဒေသခံနှမ်းစိုက် တောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်း၏ ရည်ရွယ်ချက်များ၊ ချေးငွေများကို မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ခြင်းဖြင့် လှည့်ပတ်ရန်ပုံငွေအဖြစ် တောင်သူများ အကျိုးရှိစွာ အသုံးပြုနိုင်မှုတို့ကို ရှင်းလင်းပြောကြားပြီး ဆည်ရေသောက် ဧရိယာအတွင်း သီးထပ်စိုက်ပျိုး ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူမှု လွယ်ကူအဆင်ပြေစေရေးအတွက် ကန့်သတ်ချက်များ ဖြေလျှော့ဆောင်ရွက်ပေးနေမှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာဌာနများ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် ယခုနှစ် နွေနှမ်းသီးနှံ အောင်မြင်ဖြစ်ထွန်းနေမှုနှင့် ပန်းတိုင်အထွက် နှုန်းထက်ကျော်လွန်ထွက်ရှိနိုင်မှု အခြေအနေများကို ဒေသခံတောင်သူများက ဝမ်းမြောက်စွာရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်သိန်း၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များနှင့် ပတ်သက်၍ လုပ်ငန်းရပ်တစ်ခုချင်းအပေါ် ပြည်ထောင်စုဝန်ကြီးက အသေးစိတ်ရှင်းလင်းဆွေးနွေးကာ လတ်တလော ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများနှင့် ဦးစားပေးအလိုက် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ စနစ်တကျ ခွဲခြားအတည်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
