Skip to main content

၂၀၂၀ လန်ချန်း-မဲခေါင် မီဒီယာပူးပေါင်းဆောင်ရွက်မှု အွန်လိုင်းထိပ်သီးအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၄

၂၀၂၀ လန်ချန်း- မဲခေါင် မီဒီယာပူးပေါင်းဆောင်ရွက်မှု အွန်လိုင်းထိပ်သီး အစည်းအဝေး (2020 Mekong - Lancang Cooperation Media Online Summit) ကို ယနေ့တွင် မဲခေါင်-လန်ချန်းဒေသ နိုင်ငံများဖြစ်သည့် တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ ပူးပေါင်း၍ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ဒုတိယသမ္မတအဆင့်ရှိ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာ ဌာနအကြီးအကဲ မစ္စတာ ဟွန်ကွင်းမင့် (Mr.Huang Kunming) က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အဓိကအားဖြင့် မဏ္ဍိုင်သုံးခုအပေါ် အခြေခံပါကြောင်း၊ ပထမမဏ္ဍိုင်သည် နိုင်ငံရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ ဒုတိယမဏ္ဍိုင်သည် စီးပွားရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု၊ တတိယမဏ္ဍိုင်သည် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ မီဒီယာကဏ္ဍက တတိယမဏ္ဍိုင်ထဲတွင် ပါဝင်ပါကြောင်း။

လန်ချန်း-မဲခေါင်ဒေသနိုင်ငံများ၏ မီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်များသည် အပြန်အလှန် ဆက်သွယ်မှုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ဒေသ၏ အားသာချက်များအား ကမ္ဘာကို ဖော်ထုတ်ပြသနိုင်ခဲ့ပါကြောင်း၊ လန်ချန်း-မဲခေါင် နိုင်ငံများအကြား ပြည်သူအချင်းချင်း ဆက်ဆံရေးအတွက် မီဒီယာက ပေါင်းကူးတံတားအဖြစ် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတွင် မီဒီယာမှတစ်ဆင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အမြဲထုတ်လွှင့်ဖော်ပြပါကြောင်း၊ ထိုသို့ ဖော်ပြသည့်အတွက် ပြည်သူများအနေဖြင့် ခေတ်မီနည်းစနစ်များကို သိနားလည်လာစေသကဲ့သို့ ဒေသတွင်းကွန်ရက်များနှင့် ချိတ်ဆက်မိခြင်းဆိုသည့် အကျိုးကျေးဇူးများကို ရရှိစေပါကြောင်း။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအဖြစ် ပန်းချီနှင့် ဓာတ်ပုံပြပွဲကိုလည်း ၂၀၁၉ ခုနှစ် မတ် ၂၆ ရက်က ကျင်းပခဲ့ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများမှ ပန်းချီအနုပညာရှင်များ စုပေါင်းရေးဆွဲထားသည့် ၂၁ ပေ ၇ ပေ ရှိ ပန်းချီကားတစ်ချပ်၊  ဓာတ်ပုံပြပွဲတွင် လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများကိုလည်း ဓာတ်ပုံပြခန်း ၁၃ ခုဖြင့် ပြသခဲ့ပြီး မဲခေါင်မြစ်ဆိုင်ရာ အချက်အလက်များနှင့် ဓာတ်ပုံများ၊ အဖွဲ့ဝင်နိုင်ငံများ၏ အချက်အလက်များနှင့် ဓာတ်ပုံများ၊ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ၅ ခုအလိုက် လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ပါကြောင်း။

ဒေသတွင်း မီဒီယာပူးပေါင်းဆောင်ရွက်မှုများမှ ဒေသတွင်းလုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရန် ထိုပူးပေါင်းဆောင်ရွက်မှုက လွန်စွာအကျိုးဖြစ်ထွန်းမည်ဟု ယုံကြည်ပါကြောင်း။

 မဲခေါင်ဒေသခွဲအတွင်းရှိ နိုင်ငံများသည် မဲခေါင်မြစ်ကို မှီတည်၍ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်သည့် မိသားစုဝင်နိုင်ငံများ ဖြစ်ပါကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးသည် ဒေသတွင်းအတွက် မရှိမဖြစ် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါကြောင်း၊ ထိုပူးပေါင်းဆောင်ရွက်မှုကို လန်ချန်း-မဲခေါင် ဆိုပြီး “မြစ်” အမည်ကို ယူထားခြင်းဖြစ်သည့်အတွက်  နောင်အနာဂတ်ကာလများစွာအထိ ထိုပူးပေါင်း ဆောင်ရွက်မှုများ စီးဆင်းပါစေ၊ ခိုင်မြဲပါစေ၊ ရှင်သန်ပါစေ၊ တိုးတက်ပါစေ၊ ယခုထက်မက အကျိုးပြုနိုင်ပါစေဟု ဆုတောင်း နှုတ်ခွန်းဆက်သပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် အပါအဝင် တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ မီဒီယာဆိုင်ရာ တာဝန်ရှိသူများက အမှာစကား   ပြောကြားကြသည်။

ယင်းနောက် “အရောင်အသွေးစုံလင်သော လန်ချန်း-မဲခေါင်-Colorful Lancang-Mekong” ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့်သည်။

ဆက်လက်၍ “ကိုဗစ်-၁၉ တုံ့ပြန်ထိန်းချုပ်ရေးတွင် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ “စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစားရာတွင် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးပွဲများ ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် အပါအဝင် တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့မှ မီဒီယာဆိုင်ရာ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက် ဆွေးနွေးကြကြောင်း သိရှိရသည်။

သတင်းစဉ်